၃။       တွေ့ရှိချက်များ

**************

၃.၁. နိုင်ငံရေးဆိုင်ရာ တွေ့ရှိချက်များ

———————————–

(၁)      ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရေး – ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်ရှိ ဒေသတချို့အား ချန်လှပ်၍ မြန်မာတစ်နိုင်ငံ လုံးရှိ မြို့နယ်ပေါင်း (၃၃၀) ၌ ကျင်းပမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ ၂၀၂၀ တွင် လွတ်လပ်ပြီး   တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေ ရန် အတွက် နိုင်ငံရေးပါတီ (၃၀) မှ အချက် (၁၂) ချက်အား   ဆွေးနွေးရန် တွေ့ဆုံခွင့် အတွက် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော်သမ္မတရုံး နှင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ တောင်းခံစာ ပေးပို့ခဲ့သည်။ KNCပါတီ မှလည်း ၎င်းတို့တင်ပြထားသည့် အချက် (၅) ချက်အား ရွေးကောက်ပွဲ ကော်မရှင်၊ အနေဖြင့် ကျေကျေလည်လည် မဆွေး နွေး နိုင်လျှင် သန့်ရှင်းလွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲဖြစ်ရန် မလွယ်ကူ ကြောင်းပြောသည်။ COVID-19 ကြောင့် တိုင်းရင်းသားများ မည်သည့် အရာကိုမှ လုပ်လို့ မရသည့် အချိန်၌ တာဝန်များအား အကြောင်းပြပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိ သူများ နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နယ်များသို့ သွားရောက်ကာ ပါတီစည်းရုံရေးအသွင် လုပ်ဆောင်နေ ကြောင်း ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်မှ ပြော သည်။ CNLD ပါတီအနေဖြင့် ပလက်ဝဒေသ၌ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်သော်လည်း ULA/AA မှ ဖမ်းဆီး ရန်ရှာမည်ကို စိုးရိမ်ကြောင်း ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်မှ ပြောသည်။

(၂)      ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ – ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင်  ပါတီကြီး (၁) ခုကသာ အနိုင်ရကာ အစိုးရဖွဲ့ရန် ဖြစ်နိုင်ခြေ   နည်းပါး ပြီး ညွန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ   (UPB) ဥက္ကဋ္ဌ ဦးရွှေမန်းမှ လည်းကောင်း၊ NLD ပါတီကသာ အပြတ်အသတ် အနိုင်ရမည်ဖြစ်ကြောင်း NLD ဗဟို ပြန်ကြားရေး အဖွဲ့ဝင် မုံရွာ အောင်ရှင်မှ လည်းကောင်း၊ NLD ပါတီကသာ အနိုင်ရရှိပြီး တိုင်းရင်းသားပါတီများဖြင့်   ပူးပေါင်းသည့် အစိုးရတစ်ရပ် ဖြစ်လာနိုင်ကြောင်း ဒေါက်တာ ရန်မျိုးသိန်းမှ လည်းကောင်းပြောသည်။ ကရင်၊ မွန်၊ ချင်းနှင့် ကယား ပြည်နယ်တို့မှ တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းပြီး တိုင်းရင်းသားပါတီများ အချိုးကျပါဝင်သည့်ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ရေး ကြိုးပမ်းသွားကြမည်ဟု သိရသည်။

(၃)      ၂၀၂၀ ရွေးကောက်ပွဲနှင့် ရခိုင်ပြည် – ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၌ ပြုလုပ်ခွင့်ရရန် ရခိုင်ပါတီများမှ  ဆန္ဒရှိကြသော်လည်း ဖြစ်နိုင်ခြေ အလွန်နည်းပါးနေသည်။ လူထု အနေဖြင့် လည်း စိတ်ပါဝင်စားမှု နည်းပါးနေသည်။ ANP အနေဖြင့် တိုက်ပွဲနှင့် Covid-19 ရောဂါ ကြောင့်မဲဆွယ်စည်းရုံးရန်လည်း အကန့်အသတ်များ ရှိနေသည်။ ရခိုင်ပြည်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် NLD အစိုးရမှ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန တို့အား ဦးစားပေး ဆွေးနွေးလျက်ရှိသည်။ ရခိုင်ပြည်၌ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်လျှင်အမျိုးသားရင်ကြားစေ့ရေးအား ထိခိုက်နိုင်ကြောင်း၊ ဒီမိုကရေစီဆိတ်သုဉ်း သွားနိုင်ကြောင်း နှင့်စစ်အုပ်ချုပ်ရေး ဖြစ်သွားနိုင်ကြောင်း ပါတီခေါင်းဆောင်များနှင့် နိုင်ငံရေးသုံးသပ်သူများမှ ပြောဆို မှုများရှိသည်။

(၄)      ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး – ULA/AA နှင့် မြန်မာအစိုးရ တပ်မတော်တို့ကြား တစ်ဘက်မှ ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးကို တစ်ဘက်မှ မယုံကြည်ကြောင်း တိုက်ရိုက်၊ သွယ်ဝိုက်ထုတ်ပြန် ပြောဆိုချက်များအားတွေ့ရသည်။ လက်တွေ့မပါသည့် တစ်ဘက် သတ် အပစ်ရပ်စဲရေး ကြေညာချက်များအား အပြန်အလှန် ထုတ်ပြန်နေကြသည်ဟုလည်း နိုင်ငံရေး အကဲခတ်သူများမှ ဝေဖန်နေကြသည်။ နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ် ချုပ်ဆိုရန် ဆွေးနွေးမည့်ကိစ္စကိုလည်း COVID-19 ရောဂါ အခြေအနေတည်ငြိမ်မှသာ တွေ့ဆုံကြရန် မြောက်ပိုင်း မဟာမိတ် ဘက်မှ အကြောင်းပြန်ကြားခဲ့သည်။ ရခိုင်ဒေသ၌ အကြမ်းဖက်မှု နှိမ်နင်းမည့် စစ်ဆင်ရေးအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ပါဝင်ခြင်း၊ မပါဝင်ခြင်းသည် (NRPC) အပေါ်မှာ မူတည်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးနှင့် လက်နက်ကိုင်ကိစ္စ ကို မရောထွေးရန် လိုကြောင်း မြန်မာအစိုးရစစ်တပ်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ULA/AA မှ ခိုင်သုခက အစိုးရတပ်မတော်မှ ၎င်းတို့ ရှိသည့် နေရာများအား နေ့စဉ်နှင့်အမျှ ထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့်သာ တိုက်ပွဲများဖြစ်ပွါး နေရခြင်း ဖြစ်ကြောင်း ပြောသည်။ ငြိမ်းချမ်းရေးဆောင်ရွက်သည့် အခါတွင် ရခိုင်ပြည်ကို ချန်လှပ် ထားသည့် အကျိုးဆက်များက ပြည်နယ်တဝှမ်း တိုက်ပွဲဖြစ်ပွါးနေရကြောင်း ရခိုင် လွှတ်တော်အမတ် ဒေါ်ထုမေမှပြောသည်။

(၅)     ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးအားဩဂုတ်လတွင် အကျဉ်းချုပ် ကျင်းပရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြင်ဆင်ထားသည့် အချက်များအား (၂၃.၀၆.၂၀) ရက်နေ့မှ (၂၅.၀၆.၂၀) ရက်နေ့အထိ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းသွားရန်ရှိကြောင်း သဘောတူညီခဲ့ကြသည်။

(၆)     အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး – ကျေးရွာအုပ်ချုပ်ရေးမှူးများအား ULA/AA နှင့် ဆက်သွယ်သည်၊ ပံ့ပိုးကူညီသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အစိုးရစစ်တပ်ဖက်မှ ဖမ်းဆီးမှု များ ရှိနေသာကြောင့် နှစ်ဘက်ကြားညှပ်မည်စိုးရိမ်၍ မြေပုံမြို့နယ်မှ ရပ်/ကျေး အုပ်ချုပ် ရေးမှူး (၆၈) ဦး နှုတ်ထွက်စာတင်သွင်းခဲ့သည်။ အလားတူ ဖြစ်ရပ်များကြောင့် ရခိုင်ပြည်ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေး ယန္တရား ပျက်စီးသွား နိုင်ကြောင်း ဦးဖေသန်းမှ ပြောသည်။ လက်ရှိ ရခိုင်ပြည်၌   မြေပြင်အနေအထားအရ အစိုးရအုပ်ချုပ်ရေး မတွေ့ရကြောင်းနှင့် ULA/AA အုပ်ချုပ်ရေးနှင့် အစိုးရစစ်တပ် အုပ်ချုပ်ရေးကိုသာ   မြင်တွေ့ရကြောင်း မြတန်ဆောင်း ဆရာတော်မှ ဆိုသည်။ မြန်မာအစိုးရတပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အုပ်ချုပ်ရေးမှူး ဆက်လုပ်မည့်သူများလည်း ရှိနေသေးသဖြင့် မြို့နယ် အုပ်ချုပ်ရေးယန္တရားများ မပျက်ပြားနိုင်ကြောင်း၊ ULA/AA မှ အစိုးရအုပ်ချုပ်ရေးကို အစားထိုးရန် ပြောလာ ခြင်းသည် အစိုးရ၏ အချုပ်အခြာအာဏာကို ထိပါးနေခြင်းဖြစ် ကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာ မူလအစီအစဉ်ဖြင့်   မလုံလောက်လျှင် နောက်ထပ် အစီအစဉ် များ ဆက်သုံးရမှာမျိုး ရှိကြောင်း ပြောသည်။ ULA/AA ပြောခွင့်ရ ခိုင်သုခမှ ရခိုင်ဒေသ သည် ယခင်ရော ယခုပါ စစ်အုပ်ချုပ်ရေး လက်အောက်မှာသာ ရှိကြောင်း၊ တပ်မတော်မှ ၎င်းတို့၏ ဆောင်ရွက်ချက်များကို ဖုံးကွယ်ရန်နှင့် စစ်အုပ်ချုပ်ရေး ရရှိရန် အစိုးရအား ဖိအား ပေးနေပြီး ရခိုင်ပြည်၌ အစိုးရနှင့် အစိုးရတပ်မတော် မရှိလျှင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုများ ရရှိနိုင်ကြောင်း ပြောသည်။ ULA/AA အားနှိမ်နင်းရန်နှင့် အုပ်ချုပ်ရေး တည်ငြိမ်ရန်အတွက် အစိုးရနှင့် တပ်မတော်ကြား မကြာခဏ ဆွေးနွေးမှုများ ရှိကြောင်း ဦးဇော်ဌေးမှ ပြောသည်။

(၇)     တိုက်ပွဲဖြစ်နေသည့် ဒေသများ၌ တရားဥပဒေ စိုးမိုးရေးအားနည်းပြီး လက်ရှိ တာဝန် ယူနေသည့် အစိုးရမှလည်း တရားဥပဒေ စိုးမိုးရေးအတွက် ကိုင်တွယ်ရာ တွင် အားနည်း ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှ ပြောသည်။ ရခိုင်ပြည် မြောက်ပိုင်းတွင် ULA/AA အဖွဲ့ဝင်များ သည် အရပ်သား အယောင် ဆောင်ပြီး ရောက်လာနိုင်သည့် အတွက်ကြောင့် ညဖက် အမှုလာဖွင့်လျှင် ရဲစခန်းတံခါး အား မဖွင့်ရဲကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲဗိုလ်ချုပ် မျိုးဆွေဝင်းမှပြောသည်။ နေ့အချိန် သွားတိုင်လျှင်တောင်မှ ရဲစခန်းတံခါးအား ဖွင့်မပေး၍ ရဲလုပ်ရမည့် အလုပ်ကို ULA/AA မှ လုပ်သွားခြင်းဖြစ်ကြောင်း မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရ မှပြောသည်။

(၈)     အင်တာနက် သတင်းပိတ်ဆို့မှု – ရခိုင်ပြည်ရှိ မြို့နယ်အချို့နှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်ပြန်ရရန်အတွက် ဒေသခံများနှင့်အရပ်ဘက်အဖွဲ့များမှ တောင်းဆိုမှု တွေရှိ နေသော်လည်း စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ လူမျိုးရေး အမုန်းတရား လှုံ့ဆော်မှုများရှိနေခြင်းကြောင့် ပလက်ဝတွင် အင်တာနက် ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း အစိုးရနှင့် တပ်မတော်ဘက်မှပြောသည်။ တဖက်တွင် တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများအား Facebook မှ အချိန်နှင့် တပြေးညီ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ နေပြည်တော်အခြေစိုက် သတင်း ထောက်များသို့ အကြောင်းကြားခဲ့သည်။

(၉)     စစ်ဘက်ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး – အကြမ်းဖက် လက်နက်ကိုင် အဖွဲ့များ၏ နောက် ၌ ရပ်တည်နေသည့် အင်အားစုကြီးကြောင့် ၎င်းတို့အားချေမှုန်းရန် မြန်မာနိုင်ငံတခုတည်း မှ မလုပ်နိုင်ကြောင်း ရုရှသတင်းဌာန (ZVEZDA) နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖြေကြားခဲ့သည်။ ULA/AA အနေဖြင့် နည်းပညာ မြင့်သူများဆီမှ အဝေးထိန်း မိုင်းခွဲသည့်နည်းပညာများကို ရရှိထားကြောင်း အိန္ဒိယ မှသတင်းပေးသည်မှာ မှန်ကန်သည်ဟု  ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှပြောသည်။ ULA/AA မှ အသုံးပြုသည့် မိုင်း များ နည်းပညာ မြင့်လာခြင်းသည် နိုင်ငံတခုခု၏ အကူအညီကို ရရှိနေခြင်းကြောင့်ဖြစ် သည်ဟု စစ်ရေးလေ့လာသုံးသပ်သူ စာရေး ဆရာ ဦးသန်းစိုးနိုင်မှ ပြောသည်။ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရရှိသော လက်နက်များသည် ULA/AA အဖွဲ့ထံသွားမည့် လက်နက်များဖြစ်မည်ဟု ယူဆရပြီး ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား (၆) ဦးတွင် ကရင် (၄) ဦးနှင့် ရခိုင် (၂) ဦးပါဝင်သည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြသည်။ အင်အားကြီး နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်နေချိန်နှင့် ဒေသတွင်း ပြဿနာများအား မဖြေရှင်းနိုင်သေးသည့် အခုလိုအချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) ၏ စည်းလုံးညီညွတ်မှုက ပိုပြီး အရေးကြီးလာကြောင်း (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောသည်။

၃.၂. စစ်ရေးဆိုင်ရာ တွေ့ရှိချက်များ

———————————

(၁)      နှစ်ဘက်ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ – ULA/AA မှ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များအား ရထားလမ်းတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ ကားလမ်းတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ တံတားအနီးတွင် တိုက်ခိုက်မှု (၃) ကြိမ်၊ ရေလမ်းတွင် တိုက်ခိုက်မှု (၂) ကြိမ်၊ ကျေးရွာအနီးတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ ရဲကင်းစခန်းအား စီးနင်းတိုက်ခိုက်မှု (၁) ကြိမ်၊ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်မှု (၂) ကြိမ်၊ ကားလမ်းတွင် မိုင်းထောင် တိုက်ခိုက်ရန် ကြိုးပမ်းမှု (၂) ကြိမ် ဖြစ်ပွါးခဲ့သည်။ တိုက်ခိုက်မှုများမှာ စစ်တွေတွင် (၁) ကြိမ်၊ ပုဏ္ဏားကျွန်းတွင် (၂) ကြိမ်၊ ကျောက်တော်တွင် (၂) ကြိမ်၊ ရသေ့တောင်တွင် (၅) ကြိမ်၊ ကျောက်ဖြူတွင် (၁) ကြိမ် ဖြစ်ပွါးခဲ့ပြီး မိုင်းထောင် တိုက်ခိုက်ရန် ကြိုးပမ်းမှုမှာ စစ်တွေနှင့် တောင်ကုတ်တွင် ဖြစ်ပွါးခဲ့သည်။ အဆိုပါ ထိတွေ့မှုများအပြင် ရသေ့တောင်တွင် တိုက်ပွဲ (၆) ကြိမ်၊ ပုဏ္ဏားကျွန်းတွင် တိုက်ပွဲ (၁) ကြိမ်၊ မြောက်ဦးတွင် တိုက်ပွဲ (၂) ကြိမ်၊ မင်းပြားတွင် တိုက်ပွဲ (၁) ကြိမ်၊ မြေပုံတွင် တိုက်ပွဲ (၁) ကြိမ်၊ အမ်းတွင် တိုက်ပွဲ (၃) ကြိမ်ခန့် ဖြစ်ပွါးခဲ့သည်။

(၂)      ULA/AA အနေဖြင့် ရထားလမ်း၊ ကားလမ်းများတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းကို အဓိကထား ပြီး၊ ရေလမ်းတွင် မြန်မာအစိုးရတပ်မတော်မှ ရေယာဉ်များအား အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို တွေ့ရသည်။ မြို့တွင်း အရပ်သားအသွင်ဖြင့် လုပ်ကြံသတ်ဖြတ် မှုများတွင် ULA/AA ဖက်မှ ဖမ်းဆီး၊ ဒဏ်ရာရ၊ သေဆုံးခြင်းမရှိဘဲ မြန်မာအစိုးရ လက်နက် ကိုင် တပ်ဖွဲ့များဘက်မှ အထိနာသည်ကို တွေ့ရသည်။ အစိုးရတပ်မှ ရေယာဉ်များအား ပစ်ခတ်တိုက်ခိုက်ရာတွင်လည်း ထိရောက်မှုရှိသည်ကိုတွေ့ရသည်။ သို့ရာတွင် စစ်တွေ-ရေချမ်းပြင် ကားလမ်းတွင် မိုင်းထောင်ရန် ကြိုးပမ်းရာ၌ မိုင်း (၆) လုံးတွင် (၁) လုံး အချိန်မတိုင်မီ ပေါက်ကွဲခဲ့ပြီး၊ တောင်ကုတ်-မအီ ကားလမ်းတွင် မိုင်းထောင်ရန် ကြိုးပမ်း နေစဉ် ပေါက်ကွဲမှုဖြစ်၍ ULA/AA အဖွဲ့ဝင်ဟုယူဆရသူ (၄) ဦး သေဆုံးခဲ့သည်။ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာအနီး တိုက်ပွဲတွင်လည်း ULA/AA အဖွဲ့ဝင် (၁) ဦးကို မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေတွေ့ရှိရ ကြောင်း မြန်မာအစိုးရစစ်တပ်မှ ထုတ်ပြန်သည်။

(၃)      ထူးခြားချက်အနေဖြင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရထားလမ်း၌ တိုက်ပွဲဖြစ်ပွါးမှုကို မသိသေးကြောင်း ULA/AA ပြောရေးဆိုခွင့်ရ ခိုင်သုခမှ ပြောဆိုပြီး မြန်မာအစိုးရ စစ်တပ်မှ ပြောရေးဆိုခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ဖြစ်ပွါးမှုမရှိကြောင်း ငြင်းဆိုသည်။

(၄)      နှစ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူများကြား အပြန်အလှန် ဖမ်းဆီးမှု – ULA/AA မှ ကျောက်ဖြူမြို့နယ်တွင် စမ်မှုထမ်းဟောင်း အငြိမ်းစား (၂) ဦးနှင့် မိသားစုဝင် (၁) ဦးကိုလည်းကောင်း၊ ရသေ့တောင်မြို့နယ် နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၏ သား (၃) ဦးတို့အား လည်းကောင်း၊ ဖမ်းဆီးခဲ့ပြီး၊ မြန်မာ အစိုးရစစ်တပ်မှ ULA/AA ဆက်ကြေး တာဝန်ခံ (၁) ဦးကို ကျောက်ဖြူတွင်လည်းကောင်း၊ စစ်တွေ-ရန်ကုန်ကားဖြင့် လိုက်ပါလာသည့် ULA/AA အမာခံတပ်ဖွဲ့ဝင် ဆိုသူ (၁) ဦးအား အမ်းတွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ ကန်စောက်စစ်ဆေးရေးဂိတ်၌ (ULA/AA) အမာခံဆိုသူ (၁) ဦးအားလည်းကောင်း ဖမ်းဆီးခဲ့သည်။ ထို့ပြင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ အနီး တိုက်ပွဲတွင် မသင်္ကာဖွယ်အမျိုးသား (၁၀) ဦး နှင့် အမျိုးသမီး (၂) ဦးအားဖမ်းဆီး ရမိကြောင်း မြန်မာအစိုးရစစ်တပ်မှ ထုတ်ပြန်သည်။

(၅)      စစ်ဘက်ဆိုင်ရာ နည်းပညာ – လူ၊ ယာဉ်များကို ထိခိုက်ပျက်စီးမှု ကြီးမားသည့် မိုင်းအမျိုး အစားများကို အသုံးပြုရန် ULA/AA အနေဖြင့် နည်းပညာမြင့်သူများဆီမှ ရီမုနည်းပညာ အထောက်အပံ့ရရှိထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှပြောသည်။ စစ်ရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်မှလည်း ULA/AA မှ အသုံးပြုသည့် မိုင်းများ နည်းပညာ အဆင့် မြင့်မားလာခြင်းသည် နိုင်ငံတခုခု၏ အကူအညီရရှိနေခြင်းကြောင့် ဟုဆိုသည်။ ရသေ့တောင်မြို့နယ်၊ ပြားချောင်းတံတားအနီးတိုက်ပွဲတွင် အစိုးရ တပ်မတော်စစ်ကြောင်း မှ အသုံးပြုနေသော အစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား မောင်းသူမဲ့ ကင်းထောက်လေယာဉ်ငယ် (၁) စင်းကို သိမ်းဆည်းရမိကြောင် ULA/AA မှ ထုတ်ပြန်သည်။

(၆)     အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ – မောင်တော မြို့နယ်၊ မီးဒိုက်ကျေးရွာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း မှတ်တိုင်အမှတ် ဘီပီ-(၃၄)နှင့် ဘီပီ-(၃၅) အကြား၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ARSA အဖွဲ့ဝင် (၂၅) ဦးတို့ (၀၁း၀၀) နာရီကြာ  ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး အာဆာအဖွဲ့ထံမှ အလောင်း (၂) လောင်း နှင့် လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များဘက်မှ တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

၃.၃. လူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက်များ

————————————

(၁)      မတရားဖမ်းဆီးချုပ်နှောင်ခြင်း – ယခင်လမှ ဖမ်းဆီးထားသော မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရွာသစ်ကေကျေးရွာမှ အုပ်ချုပ်ရေးမှူး တို့အား ULA/AA နှင့် ဆက်သွယ်သည်ဆိုသည့် သံသယဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားသည်။

(၂)      ပေါက်တော မြို့နယ်တွင် ALP/ALA အဖွဲ့ဝင် (၂) ဦးအား ULA/AA မှ ဖမ်းဆီးခဲ့ပြီး တောင်ကုတ်မြို့နယ်တွင် ALP/ALA အဖွဲ့ဝင်ဟောင်းတဦးဖြစ်သော ဦးဝင်းလှိုင် အား ULA/AA နှင့် ဆက်စပ်သည်ဟု ယူဆကြသော တောင်ကုတ်မြို့နယ်လုံး ဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းမှ ဖမ်းဆီးသုတ်သင်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။

(၃)      အစိုးရလက်နက်ကိုင်တပ်ဖွဲ့မှ အငြိမ်းစားများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ အစိုးရ လက်နက် ကိုင်တပ်ဖွဲ့မှ မိသားစုဝင်မျာနှင့် ALP ပါတီဝင်များအား ULA/AA မှ ဖမ်းဆီး မှုများရှိနေပြီး အုပ်ချုပ်ရေးမှူးများနှင့် ANP ပါတီဝင်များအား ULA/AA နှင့် ဆက်စပ် သည်ဆိုသည့် သံသယဖြင့် အစိုးရတပ်မတော်မှ ဖမ်းဆီးမှုများရှိနေသည်။ ရမ်းဗြဲမြို့နယ် NLD အလုပ်မှု ဆောင်အဖွဲ့ဝင် ဦးဇေယျာမင်းအား ULA/AA မှ (၄) လကြာဖမ်းဆီးထားပြီး ပြန်လွှတ် ပေးလိုက်ကြောင်း ရမ်းဗြဲမြို့မ ရဲစခန်း၊ ဒုရဲမှူးမှ ထုတ်ပြန်သည်ကို ၎င်းတို့နှင့် အစိုးရကြား တင်းမာမှုများ မြင့်တက်လာအောင် အစိုးရစစ်တပ်မှ တမင်ဖန်တီး နေခြင်း ဖြစ်သည်ဟု ULA/AA မှ စွပ်စွဲသည်ကိုလည်း တွေ့ရသည်။ အရပ်သားများအား နှစ်ဖက် စလုံးမှ ဖမ်းဆီး မှုများရှိနေပြီး တချို့ကို ပြန်လွှတ်ပေးကြသည်များရှိသည်။ အစိုရ လက်နက်ကိုင် အဖွဲ့များ မှ ဖမ်းဆီးထားသော အရပ်သားတချို့အား ပြန်လည်လွှတ်ပေးသည်များ ရှိသော်လည်း မည်သည့် နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသည်များ၊ ကျောက်တော်မြို့နယ် တင်းမ (သစ်) နှင့် တင်းမကြီးကျေးရွာမှ ဖမ်းဆီးမှုများကို မသိရှိရဟု ငြင်းဆိုမှုများရှိသည်။ မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာမှ ကိုသန်းမြင့်ဌေးအား အစိုးရစစ်တပ်မှ လမ်းပြ အဖြစ်ဖမ်းဆီးရာတွင် စစ်ဝတ်စုံဝတ်ကာ ကြိုးချည်နှောင်ပြီး ခေါ်သွားကြောင်း မျက်မြင် ရွာသားများမှ ပြောသည်။

(၄)      ULA/AA မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော် ကျေးရွာမှ ဦးသန်းရွှေ သည် လူမှုအကျိုးပြုဖွံ့ဖြိုးရေးလုပ်ငန်းများအား အရပ်ဘက်အဖွဲ့အစည်း အခန်းကဏ္ဍမှ ရပ်တည်ပြီးလုပ်ဆောင် နေသူဖြစ်သည့်အတွက် ပြန်လွှတ်ပေးရန် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) မှ ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။ ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်အား တရားမျှတမှု ရရှိစေရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် စီစစ်ဆောင်ရွက်ပေးရန် ရခိုင်ပြည် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီမှ တောင်းဆိုလိုက်သည်။

(၅)     ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ ဖမ်းဆီးသူ (၆) ဦး၊ ဖမ်းဆီး ထားခြင်း မရှိ/မသိဟု ငြင်းဆိုခံရသူ (၃) ဦး၊ ယခင်ဖမ်းဆီးထားသူများမှ ပြန်လွှတ်ပေးသူ (၁) ဦးရှိသည်။ အစိုးရလက်နက်ကိုင် တပ်များဘက်မှ ဖမ်းဆီးသူ (၄၇) ဦး၊ ပြန်လွှတ် ပေးသူ(၁၈) ဦး၊   ယခင်ဖမ်းဆီးထားသူများမှ ပြန်လွတ်လာသူ (၄) ဦးရှိသည်။

(၆)      ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း – မြေပုံမြို့နယ်၊ စညင်းရွာမှ မနန်းစုသည် မိုင်းနင်းမိ၍ ခြေထောက်တဖက် ပြတ်သွားသည့်ကိစ္စနှင့် ပတ်သက်၍ ULA/AA နှင့် အစိုးရတပ်တို့ နှစ်ဖက်အပြန်အလှန်စွပ်စွဲလျက်ရှိသည်။ စစ်ပွဲများ ကြားမှာ မြေစာပင်ဖြစ်နေရသည့် ရခိုင်ပြည်သူများနှင့် ပတ်သတ်ပြီး၊ ကိုလိုနီစနစ်ဆိုး အောက်မှ   ရုန်းထွက်ရန် ကြိုးစားနေသည့် လူမျိုးတိုင်း၊နိုင်ငံတိုင်းသည်   ထိခိုက်နစ်နာမှုများဖြင့်ကြုံ တွေ့ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း (၁၈.၀၆.၂၀) ရက်နေ့ တွင် ULA/AA ပြောခွင့်ရ   ခိုင်သုခမှ ပြောသည်။

(၇)     ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်၍ ဒဏ်ရာရသူ (၁) ဦးရှိသည်။ အစိုးရလက်နက်ကိုင်တပ်များဘက်မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်၍ ဒဏ်ရာရသူ (၁၉)  ဦးရှိသည်။

(၈)     သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်း  – ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဒေသခံ (၂) ဦး ကျည်ထိမှန်ခြင်းတွင် ၎င်းတို့ပစ်ခတ်ခြင်း မဟုတ်ကြောင်းနှင့် မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းတွင် ဒေသခံ (၁) ဦး ပစ်သတ်ခံရ၍ သေဆုံးသည့်ကိစ္စကို မသိရ သေးကြောင်း အစိုးရတပ်မတော်မှ ငြင်းဆိုသည်။ ULA/AA မှ လွှတ်ပေးလိုက်ပြီး နောက် ပိုင်း ဒဏ်ရာများဖြင့် သေဆုံးသွားသည့် မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာမှ ဒေါ်မစိန်ဦး ကိစ္စမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ULA/AA မှ ငြင်းဆိုသည်။

(၉)     ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်ခြင်းခံရ၍ သေဆုံးသူ (၃) ဦးရှိသည်။ အစိုးရလက်နက်ကိုင် တပ်များဘက်မှ သတ်ဖြတ်ခြင်း/ ညှင်းပန်းနှိပ်စက်ခြင်းခံရ၍ သေဆုံးသူ (၆) ဦးရှိသည်။

(၁၀)    နှစ်ဘက်တပ်များနှင့် တိုက်ပွဲကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း -၂၀၂၀ခုနှစ်၊ ဇွန်လအတွင်း မတော်တဆ ထိခိုက်၍ (သို့မဟုတ်) တမင်တကာ ရည်စူးပစ်ခတ်၍ လက်နက်ကြီး ထိမှန် ဒဏ်ရာရသူ (၁၁) ဦး၊ သေနတ်ပစ်ခံရ ဒဏ်ရာရသူ (၁၁) ဦး၊ မိုင်းထိ ဒဏ်ရာရသူ (၂) ဦး၊ လက်နက်ကြီး ထိမှန် သေဆုံးသူ(၄) ဦး၊ သေနတ်ပစ်ခံရ သေဆုံးသူ (၇) ဦး၊ မိုင်းထိ သေဆုံးသူ (၁) ဦးရှိသည်။

(၁၁)    ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း – မြန်မာအစိုးရ စစ်တပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရခြင်းများ သာမက ကျွဲ၊နွား၊ တိရိစ္ဆာန်များ သေဆုံးခြင်းနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးခြင်းများရှိသည်။ ထို့ပြင် အစိုးရစစ်တပ်မှဟုယူဆရသော ရှို့မီးကြောင့် နေအိမ်၊ ငွေကြေးဥစ္စာနှင့် သိုလှောင်ထား သည့်ကောက်ပဲသီးနှံများ ဆုံးရှုံးကြရသည်ကိုလည်း တွေ့ရသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာအစိုးရစစ်တပ်မှ ကိုအောင်ကျော်သိန်းဖုန်းဆိုင်တို့အား ဖျက်ဆီးပြီး ဖုန်းများအား ယူဆောင်သွားခဲ့ကြောင်း ရက်နေ့တွင် ULA/AA မှ ထုတ်ပြန်သည်။

(၁၂)    လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း – ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ် (၇) မြို့နယ်တွင် (၀၁.၀၈.၂၀) ရက်နေ့ထိအင်တာနက် ဆက်လက် ဖြတ်တောက်ထားမည်ဖြစ်ပြီး အများပြည်သူအကျိုးကို မထိခိုက်ကြောင်း သုံးသပ်နိုင်သည့် အချိန်မှာသာ ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ ပြောသည်။

(၁၃)    အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါပြည်နယ်တွင် အစိုးရမှ အင်တာနက်ဖြတ်ထားခြင်းသည် ဥပဒေနှင့် မညီကြောင်း တရားရုံးမှ ဆုံးဖြတ်လိုက်သည်ကို မြန်မာနိုင်ငံမှ သင်ခန်းစာ ယူသင့်ကြောင်း၊ ရခိုင်ပြည်နှင့် ချင်းပြည်နယ်တွင် အင်တာနက် ဖြတ်ထားသည့် အမိန့် သည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ FEM – Free Expression Myanmar အဖွဲ့မှပြောသည်။

(၁၃)    ရခိုင်ပြည်ရှိ မြို့နယ် (၇) မြို့နယ်နှင့် ပလက်ဝမြို့နယ်၌ (၁) နှစ်ကြာ အင်တာနက် ဖြတ်တောက်ထားခြင်းသော်လည်း အစိုးရ၏ ရည်ရွယ်ချက်ဖြစ်သည့် တရားဥပဒေစိုးမိုးမှု မဖြစ်စေဘဲ ဒေသအတွင်းမတည်ငြိမ်မှုများလာ နေခြင်းကြောင့် ပြန်လည်ဖွင့်ပေးရန် ရခိုင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ အပါအဝင် အဖွဲ့အစည်း (၇၈) ဖွဲ့မှ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိပ်ဖွင့် ပေးစာ (၁) စောင် ပေးပို့ခဲ့ပြီး ရခိုင်ပြည်၏ မြေပြင်အခြေအနေမှန်များအား မြန်မာနိုင်ငံရှိ နိုင်ငံသားများနှင့် နိုင်ငံတကာမှ သိရှိစေရန်အတွက် ပြည်တွင်းပြည်ပ သတင်းထောက်များ ကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် တောင်းဆိုထားသည်။

(၁၄)    ရွေးကောက်ပွဲ ကာလ နီးကပ်လာချိန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် မည်သူမဆို နောက်ဆုံး ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို ရရှိသင့်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ အနောက်နိုင်ငံမှ သံတမန်အဖွဲ့အစည်းများမှ ကြေညာချက် ထုတ်ပြန် ခဲ့သည်။

(၁၅)   အစိုးရမှ ပြည်သူများ၏ လုံခြုံရေးအတွက် အင်တာနက်ပိတ်ထားကြောင်း ပြောသော်လည်း ပိတ်ခံထားရသည့် (၁) နှစ်အတွင်း တိုက်ပွဲဖြစ်ပွါးနေသည့် မြို့နယ်များတွင် ဒေသခံပြည်သူ များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများရှိနေပြီး သတင်းအချက်အလက်များအားအချိန် နှင့် တပြေးညီ သိရှိခွင့်မရကြောင်း ရခိုင်လူငယ်များ စုပေါင်းပြီး ပြုလုပ်သည့် အင်တာနက် ဖြတ်တောက်ထားသည့် (၁) နှစ်ပြည့် လှုပ်ရှားမှုတွင် ပြောဆိုကြသည်။ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရမ်းဗြဲမြို့မှ လူငယ်ကွန်ယက်အဖွဲ့တာဝန်ခံကိုမျိုးမင်းထွန်း၊ ကျောက်ဖြူမြို့မှ ရခိုင်အမျိုးသားပါတီ၏ လူငယ်ရေးရာ ဗဟိုကော်မတီဝင်များဖြစ်သူ ကိုမင်းဇအောင်နှင့် ကိုနေစိုးခိုင်တို့အား ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ခြင်းခံရပြီး အမ်းမြို့မှ မျိုးဆက်သစ် လူငယ်များအဖွဲ့ ဥက္ကဋ္ဌ မအေးအေးနိုင်အားရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကာယကံ ရှင်များမှ ပြောသည်။

(၁၆)   လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း – ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ရိက္ခာများအား ပလက်ဝမြိုသို့  ကုန်းလမ်း၊ ရေလမ်းမှ သယ်ယူရာ တွင် အစိုးရ တပ်မတော်သားများမှ စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းများကြောင့် တချို့တွင် ဒဏ်ရာရသူများ၊ သေဆုံးသူများရှိသဖြင့် (၀၉.၀၆.၂၀) ရက်မှစ၍ သွားလာခြင်းမရှိတော့ ကြောင်း ပလက်ဝ ဒေသခံ ဆလိုင်း ခင်မောင်မှပြောသည်။

(၁၇)   ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာ၌နေထိုင်သည့် အိမ်ထောင်စု (၁၆) စုမှ စစ်ဘေးဒုက္ခ သည် (၄၉) ဦးသည် စားဝတ်နေရေး ခက်ခဲသောကြောင့် ဆမီးမြို့သို့ ပြောင်းရွေ့သွား နေစဉ် အစိုးရတပ်မတော်က ခွင့်မပေးသဖြင့် ပြန်လှည့်ခဲ့ရကြောင်း ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်မှ ပြောသည်။

(၁၈)   ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာအရှေ့ဘက် (၁) မိုင်ခန့်အကွာတွင် မေလမှစ၍ အစိုးရတက်မတော်မှ တပ်စွဲထားသောကြောင့်  အခက်အခဲကြုံနေရပြီး ကျေးရွာပြင်ပသို့ ထွက်သူများအား ပစ်ခတ်မှုများရှိနေသောကြောင့် ကျန်ရှိနေသည့် ဆန်ရိက္ခာများကို ချွေတာစားသောက်နေရသည်။

(၁၉)   အစိုးရတပ်မတော်မှ ကဇုကိုင်း၊ အမ်းမြို့ပေါ်ဖြတ်သွားသည့် ကုန်းလမ်းနှင့် ကမ်းထောင်း ကြီးကို ဖြတ်သွားသည့် ဒါးလက် ချောင်း ရေလမ်း (၂) ခုလုံး စားနပ်ရိက္ခာများ သယ်ယူရန် ပိတ်ထားသည့်အတွက်စားဝတ်နေရေး အခက်ခဲဖြစ်နေသောကြောင့် အမ်းမြို့နယ်၊ဒါးလက် အုပ်စုမှ ချင်းနှင့်ရခိုင်  (၃၀၀၀) ကျော်သည် အမ်းမြို့ပေါ်၊ ကမ်းထောင်းကြီးမြို့၊ ကဇုကိုင်း ကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသဘက်သို့ ထွက်ခွါသွားရသည်။

(၂၀)    အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း – ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင် ကျေးရွာသို့ အစိုးရ တပ်မတော် စစ်ကြောင်း (၁) ခုဝင်ရောက်ကာ ရွာသား (၆) ဦးအား ပေါက်တောပလောင်မှ ကြာညိုပြင်အထိ ခေါင်းပေါ် လက်တင်ခိုင်းပြီး လမ်းပြအဖြစ် (၁) နာရီခန့် ခေါ်ဆောင်သွားခဲ့သည်။

၃.၄.    စစ်ဘေးရှောင်ဆိုင်ရာ တွေ့ရှိချက်များ

——————————————

(၁)      စစ်ဘေးရှောင်ဦးရေနှင့်စခန်းအတိုးအလျော့ – ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်၌ စစ်ဘေးရှောင်ဦးရေ(၃၀၀၀၀) ခန့် တိုးပွါးခဲ့မည်ဟု ခန့်မှန်းရသည်။ စစ်ဘေးရှောင်ရသည့် မြို့နယ်များမှာ ရသေ့တောင်၊မင်းပြား၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ အမ်းနှင့် ကျောက်ဖြူ မြို့နယ်များ ဖြစ်ကြသည်။ စစ်ဘေးရှောင်များ တိုးပွါးရသည့် အကြောင်းရင်းမှာ ရွာတွင်းသို့ မြန်မာအစိုးရတပ်မတော် စစ်ကြောင်းများမှ ဝင်ရောက်၍ ဖမ်းဆီးစစ်ဆေးခြင်း၊ ရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်အတွက် ရွာမှ ထွက်ပေးကြရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းနှင့် ရွာနားပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွါး ခြင်းတို့ကြောင့် ဖြစ်သည်။

(၂)      စစ်ဘေးရှောင်များ၏စား၊ဝတ်၊နေရေး -အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ မှုမရရှိသည့်အပြင် မိုးသက်လေပြင်းဒဏ်ကြောင့် မြေပုံမြို့နယ်၊ ကိုင်းကြီး စစ်ဘေးရှောင် စခန်းတွင် နေစရာ အခက်အခဲဖြစ်နေသည်။ ကျောက်တော်မြို့ရှိ စာသင်ကျောင်း (၇) ကျောင်းမှ စစ်ဘေးဒုက္ခသည် (၃၀၀၀) ကျော်အား အစားထိုးခိုလှုံမည့် နေရာမပေးဘဲ (၁၅.၀၆.၂၀) ရက်နေ့ နောက်ဆုံးထား၍ စာသင်ဖယ်ရှားပေးရန် အစိုးရမှ ညွှန်ကြားထား သဖြင့် အခက်အခဲဖြစ်နေကြသည်။ ဘူးသီးတောင်မြို့ပေါ်ရှိ မြို့ပေါ်ရှိဂန္ဓာရီ ကျောင်းတွင် စစ်ဘေးရှောင် (၇၀၇) ဦးတို့သည် မိုးရာသီအတွက် အမိုးအကာလုံသည့် နေအိမ်များ လိုအပ် လျက်ရှိသည်။ မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျချောင်းရေ လျှံတက် လာသဖြင့် မြေပုံမြို့နယ်၊ ရက်ချောင်းစစ်ဘေးရှောင် စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေး ငယ်များအားလေးတောင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းထားရသည်။မြောက်ဦး မြို့နယ်၊ မြတန်ဆောင်းစစ်ဘေးရှောင် စခန်းတွင်လည်း ထိုသို့ရေလျှံသဖြင့် နေထိုင်ရေး အခက်အခဲရှိနေသည်။ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ပလက်ဝမြို့နှင့် ဆမီးမြို့ ပေါ်ရှိစာသင် ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေရပြီး  (၂၁.၀၆.၂၀) ရက် နေ့တွင် အထက်တန်းကျောင်းများ ဖွင့်မည်ဖြစ်သောကြောင့် အခက်ကြုံနေရသည်။

(၃)      ကျောက်တော်-ပလက်ဝ ရေလမ်း၊ ကုန်းလမ်းများတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါ်ယူ စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းများကြောင့် စာနပ်ရိက္ခာ ပြတ်လပ်လျက်ရှိသည်။ စစ်တွေမြို့ရှိ မေယုဓမ္မစက္ခု ပရဟိတကျောင်းတွင် အစစအရာရာ ကိုယ်ထူကိုယ်ထ တာဝန်ယူနေရ၍ စား၊ဝတ်၊နေရေး အကြပ်အတည်းရှိနေသည်။ အမ်းမြို့နယ်၊ ရှမ်းကုန်းရွာနှင့် မင်္ဂလာဒုံရွာ တို့တွင် အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပြီး သွားလာခွင့် ပိတ် ထားသည့်အတွက် လူဦးရေ (၆၆၂) ဦး ရိက္ခာပြတ်လပ်နေသည်။ အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စုအတွင်းရှိ အလယ်ကျွန်းကျေးရွာအား ကုန်းလမ်းနှင့် ရေလမ်း (၂) ခုလုံးကို စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင် (၁၀၀) ကျော်သည်  စားနပ် ရိက္ခာ ပြတ်လပ်လာ၍ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားရသည်။ မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင် (၂၀၀၀) ခန့်မှာ ဆန်ရိက္ခာများပြတ် တောက်နေပြီး အစိုးရ တပ်မတော် ရှိနေသည့် အတွက်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရန် အခက်အခဲရှိနေသည်။

(၄)      စစ်ဘေးရှောင်များအတွက် အစိုးရမှထိရောက်သည့် ကူညီပံ့ပိုးမှု၊ အလှူရှင်များအား လွတ်လပ်စွာ သွားရောက် လှူဒါန်းရန် ခွင့်ပြုမှုမရှိသည့်အတွက် အမေရိကန်အခြေစိုက် ရခိုင်-အမေရိကန် လူမှုအဖွဲ့အစည်းမှ အလှူငွေကောက်ခံ၍ အမေရိကန်ဒေါ်လာ (၅) သောင်း ခန့်နှင့် ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့မှ ငွေကြေးတချို့ လှူဒါန်းခဲ့ သည်။ ရုပ်ရှင်သရုပ်ဆောာင်နေတိုးမှ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် စစ်တွေ မြို့နယ်တို့မှ စစ်ဘေးရှောင်များအတွက် အဆောင် (၁၅) ဆောင်ကို အလိုတော်ပြည့် ဘုန်းကြီးကျောင်း လက်ထောက် ကျောင်းထိုင်ဆရာတော် အရှင်ကုမာရမှတဆင့် လှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။ ဘီတွတ် သာရေးနာရေးအသင်း၏ ဦးဆောင်ဆရာတော်မှ စစ်တွေနှင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ဆန်အိပ် (၅၀၀) ကျော် လှူဒါန်းသွားမည်ဟု သိရသည်။ ချင်းတိုက်ပွဲရှောင် ပြည်သူများကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြည်နယ်အစိုးရနှင့်တိုင်ပင်၍ ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် စားသောက်ကုန်များနှင့် Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးများအား ခွဲဝေပေးရန် စီစဉ်နေသည်။ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်မှ စစ်ဘေးရှောင်များ၏စား၊ ဝတ်၊ နေရေးအခြေအနေကိုအစိုးရ အား တင်ပြ အကူအညီ တောင်းလာခြင်း မရှိသေးကြောင်းနှင့် တင်ပြလာလျှင် ကူညီ ပေးသွား မည်ဖြစ်ကြောင်းရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်မှ ပြောသည်။

(၅)     စစ်ဘေးရှောင်များ၏ ကျန်းမာရေး – မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျ ချောင်းရေ လျှံသဖြင့် မြောက်ဦးမြို့နယ်၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်များ ကျန်းမာရေး ထိခိုက်နိုင်သည့် အခြေအနေနှင့် ကြုံနေရသည်။ ရသေ့တောင်မြို့နယ်၊ အောင်သာစည် ကျေးရွာတွင် ကျန်ခဲ့သည့် ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အို (၈၀) ဦးခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်။ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်း၌ အိမ်သာ (၅) လုံးသာရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ လည်း မရှိသဖြင့် စိုးရိမ်စရာဖြစ်နေသည်။ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေး ရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ (၂၅၀၀) ကျော်နေထိုင်ပြီးအိမ်သာ (၁၁) လုံးသာ ရှိသဖြင့် ယူနီဆက်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ထံတွင် မေလ အတွင်းက အကူအညီတောင်းခံခဲ့သော်လည်းအစိုးရဆီမှခွင့်ပြုချက်မရရှိဟုသိရသည်။

(၆)     စစ်ဘေးရှောင်များ၏ လုံခြုံရေး – မြောက်ဦးမြို့နယ်၊ တိန်ညို စစ်ဘေးရှောင်စခန်းအား အစိုးရတပ်မတော် စစ်ကြောင်း (၁) ခုမှ ဝင်ရောက်၍ စခန်းရှိ အမျိုးသားများအား အိမ်ထောင်စု စာရင်းနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာရှိ မသန်စွမ်း၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ကယ်ထုတ်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအား ရသေ့တောင်မြို့ပေါ်မှ ဆရာတော် (၈) ပါးနှင့် မြို့ခံ (၂၀) ကျော်တို့ကတွေ့ဆုံပြီး ခွင့်ပြုချက်တောင်းခဲ့ရသည်။ ရသေ့တောင် မြို့ အနီးတွင် တိုက်ပွဲဖြစ်ပွါးသောကြောင့် ရွှေပါရမီ စစ်ဘေးရှောင်စခန်းမှ စိတ်ကျန်းမာရေး မကောင်းသူအမျိုးသား (၁) ဦး အားကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

(၇)     စစ်ဘေးရှောင်များ၏ပညာရေး – ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မြေပုံမြို့နယ်တို့မှ စစ်ဘေးရှောင်စခန်း (၅) ခုတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများကို ငွေကြေးအခက်အခဲများရှိနေသည့်ကြားမှ ဆောက်လုပ် နေရသည်။ ရသေ့တောင်မြို့နယ်မှ မြို့ပေါ်သို့ စစ်ဘေးရှောင်လာရသည့် ကလေးသူငယ်တချို့မှာ နေထိုင်ရေး အဆင်မပြေသဖြင့် ကျောင်းထားရမည့် အခြေအနေမရှိကြောင်း သိရသည်။

၃.၅. အထွေထွေ လူမှု-စီးပွါးရေးဆိုင်ရာ တွေ့ရှိချက်များ

———————————————–

(၁)      စား၊ ဝတ်၊ နေရေး – ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးဒုက္ခသည်စခန်းမှ ကမန်ဒုက္ခ သည်များ အတွက်တည်ဆောက်ပေးမည့် နေရာသည်ဒီရေရောက်သည့် ဆားငန်တောဖြစ် ပြီး စီးပွါးရေးလုပ်ကိုင်ရန် အဆင်မပြေသောကြောင့် မနေနိုင်ကြောင်းနှင့်မြို့ပေါ်ရှိ မူလ နေရာ ဖြစ်သည့်ပိုက်ဆိပ်၊ ပြင်ဖြူမော်ရပ်ကွက်များတွင် ပြန်လည်နေရာချပေးရန် အင်တာနက် လူမှုကွန်ယက်မှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့ကြသည်ကို ပဋိပက္ခဖြစ်ခဲ့သူများကြား  ယုံကြည်မှုတည်ဆောက်နေသည့်  ကာလဖြစ်သောကြောင့် မူလနေရာ၌ ပြန်ထားရန် မဖြစ်နိုင်ကြောင်း  ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်မှ တုံ့ပြန်ပြောဆိုသည်။ COVID-19 နှင့် တိုက်ပွဲများအပြင် အစိုးရတပ်မတော်မှ လမ်းကြောင်း ပိတ်ဆို့ထားခြင်းများကြောင့် စား၊ ဝတ်၊ နေရေး ကြပ်တည်း လျက်ရှိကြပြီး စစ်တွေမြို့ပေါ်ရှိ သီလရှင်များပင် အလှူရှင် နည်းပါးလာသည့် အတွက် အခက်အခဲကြုံနေရသည်။

(၂)      ကျန်းမာရေး – မောင်တောမြို့နယ်နှင့်ကပ်ရပ်တည်ရှိသည့် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင် (၁) ခု တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၂ဝ) ဦးသေဆုံးကာ (၈၉ဝ) ဦးကူးစက် ခံရပြီး နောက် ကော့စ်ဘဇားခရိုင်အား ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ပထမဆုံးကိုရိုနာ ဗိုင်းရပ်စ်အနီရောင် (Red Zone) အဖြစ်သတ်မှတ် ကြေညာထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အူခီးယာ မူဆလင် ဒုက္ခသည်စခန်းတွင် ကရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၉) ဦး၊ Cox’s Bazar ဒုက္ခ သည်စခန်းတွင် (၄၆) ဦးရှိပြီး ထို (၄၆) ဦးထဲမှ (၅) ဦး သေဆုံးသည့်အတွက် ဆိုးရွားသည့် အခြေအနေဖြစ်ကြောင်း သိရသည်။ မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော နေရပ်စွန့်ခွါ မိသားစုဝင် (၅) ဦးအားလှဖိုးခေါင်ယာယီ စခန်း၌ Quanratine ထားရှိပြီး ဓာတ်ခွဲနမူနာ ဆေးစစ်ရန် ပို့ထားသည်။ ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ခိုးဝင်လာသူ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁)ဦး၊ ဘူးသီးတောင်မြို့နယ်သို့ ခိုးဝင်လာသူ အမျိုးသား (၁) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ခရီးသွား ရာဇဝင်ရှိသည့် ဘူသီးတောင်မြို့နယ်မှ အမျိုးသား (၁) ဦးနှင့် စစ်တွေမြို့၌ နေထိုင်သူ (၁) ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရသည်။ ဘူးသီးတောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိသည့် ကိုဗစ်လူနာနှင့်အတူတူ ဝင်ရောက်လာသူ (၁၂) ဦးထဲတွင် (၄) ဦး ပျောက် ဆုံးနေပြီး (၈) ဦးအား ရပ်ကွက် (၃)၊ ဗိုလ်ချုပ်လမ်းအတွင်းရှိ ဗလီကြီးတွင် Quarantine ထားရှိသည်။

(၃)      (၁၉.၀၆.၂၀) ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ (၂၃) ဦးတွင် ရခိုင်ပြည်မှ (၇) ဦး ပါဝင်သည်။ သံတွဲမြို့နယ်တွင် မလေးရှားမှ ပြန်လာသူ ဦးမြင့်အောင်အား ဒုတိယအကြိမ် ဆေးစစ်ရာ  ပိုးတွေ့ရှိခဲ့ရသည်။ ယခုအချိန်ထိ ရခိုင်ပြည်သို့ တရုတ်နိုင်ငံမှ ပြန်လာသူ (၃၅ဝဝ) ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁ဝဝဝ) ကျော်ရှိကြောင်း ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးမှ ပြောသည်။

(၄)      တောင်ကုတ်မြို့နယ်၊ ငမောက်ချောင်းတိုက်နယ် ဆေးရုံအား ဝန်ထမ်း မလုံလောက်၍ ပိတ်ထားရသည်။ ၂၀၂၀ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ဇွန်လ (၁) ရက်နေ့အထိ ရခိုင်ပြည်၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွါးသူ (၄၈) ဦးရှိကြောင်းနှင့် အသက် (၁)နှစ် အောက် ကလေး များနှင့် အသက် (၅) နှစ်မှ (၉) နှစ်ကလေးများတွင် အဖြစ်များကြောင်းသိရသည်။

(၅)     လုံခြုံရေး – ရခိုင်ပြည်၌ ဒေသတွင်းတည်ငြိမ်အေးချမ်းပြီး ပြည်သူများ စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားများမရှိအောင် အစိုးရမှပြုလုပ်ပေးရန် လိုအပ်ကြောင်း မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောမှ လည်းကောင်း၊ မြို့အနီးအနားထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခြင်းမှာ ကောင်းသောအလားအလာ မဟုတ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှ လည်းကောင်း၊ မိုင်းပေါက်ကွဲမှုများသည် မြို့အဝင်အထိ ရောက်ရှိလာသဖြင့် မဖြစ်ပွါးစေလိုကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်မှ လည်း ကောင်း၊ ဒေသခံများသွားလာနေကြသည့် လယ်ကွင်းအနီး၌ မိုင်းထောင်ခြင်းမှာ မဖြစ်သင့် ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှလည်းကောင်း ပြော သည်။

(၇)     လူနေရပ်ကွက်၊ ကျေးရွာများအနီးတွင် တိုက်ခိုက်မှုမဖြစ်စေလိုကြောင်း ပုဏ္ဏားကျွန်းမြို့ခံ  ကိုသိန်းဝဏ္ဏမှ ပြောသည်။ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရထားလမ်းပေါ်၌ ဖြစ်ပွါးသည့်တိုက်ပွဲတွင် ULA/AA မှ ရွာကို ကျောပေးတိုက်ခိုက်သဖြင့် အစိုးရစစ်တပ်မှ ပြန်လည် ပစ်ခတ်ရာတွင် ကျေးရွာထဲသို့ လက်နက်ကျည်များ ကျရောက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရွာသား (၁) ဦးမှ ပြောသည်။ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲမှ လူမျိုးရေးအသွင် ဆောင်သွားလျှင် နှစ်ဘက်လုံးနစ်နာရမည့် အနေအထားမျိုး ကြုံရနိုင်ကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်မှ ပြောသည်။

(၈)     အစိုးရ တပ်မတော်စစ်ကြောင်းများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အကြောင်း ကြားခြင်းမရှိဘဲ ရွာများသို့ ထင်သလိုဝင်ရောက် ဖမ်းဆီးစစ်ဆေးခြင်း၊ ရွာများသို့ သေနတ် ပစ်ဖောက်၍ ဝင်ရောက်ခြင်း၊၎င်းတို့အား ကြောက်လန့်၍ ထွက်ပြေးသော အရပ်သားများ ကို လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ ဗုံးတွင်း၌ ပုန်းနေသူများတွင် အမျိုးသားများရှိ၊ မရှိ မေးမြန်းစစ်ဆေးပြီး သေနတ်ပေါက်သံကြားလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊လမ်းပြ အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ ထိုသို့ ခေါ်ဆောင်သွားခြင်း ခံရသူတချို့မှာ ပျောက် ဆုံးနေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား သံသယဖြင့် ဖမ်းဆီးတရားစွဲခြင်း အစရှိသည့် ဖြစ်ရပ်များအား တွေ့ရှိရသည်။ စစ်ပွဲများကြားမှာ   မြေစာပင်ဖြစ်ရခြင်းမှာ ကိုလိုနီ စနစ်ဆိုး အောက်မှ ရုန်းထွက်ရန် ကြိုးစားနေသည့် လူမျိုးတိုင်း၊ နိုင်ငံတိုင်းကြုံတွေ့ရသည့် ဖြစ်ရိုး ဖြစ်စဉ် ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။

(၉)     ULA/AA ဘက်မှလည်း အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အမှုထမ်းများအား လုပ်ကြံ သတ်ဖြတ်ခြင်း၊ အစိုးရလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားများနှင့် ၎င်းတို့၏မိသားစုဝင် များအား ဖမ်းဆီးခြင်း၊ NLD ပါတီဝင်၊ ALP ပါတီဝင်များအား ဖမ်းဆီးခြင်းစသည်များကို ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ အမည်ခံ၍ ALP ပါတီဝင်ဟောင်း (၁) ဦးအား မှန်ကန်ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ စွပ်စွဲဖမ်းဆီး၍ သုတ်သင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်ကိုလည်း တွေ့ရသည်။ ထိုအဖွဲ့မှာ သီးသန့်လွတ်လပ်သည့်အဖွဲ့ဖြစ်နိုင်သလို  တပ်မတော်နှင့် ULA/ AA တို့၏ အောက်ခြေ အဖွဲ့သားများလည်း ဖြစ်နိုင်ကြောင်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မှတ်ချက်ပေးသည်။

(၁၀)    ရခိုင်ပြည်ရှိ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးများ ထိခိုက်သေဆုံးနှုန်းသည် ပြီးခဲသည့်နှစ် နှောင်းပိုင်း (၃) လတာကာလထက် (၆) ဆ မြင့်တက်လာကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် ဗြိတိန်အခြေစိုက် ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ (Save the Children) မှ သတိပေး ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းထန်လာနေသည့်အပေါ် စိုးရိမ်ကြောင်းပြီး အရပ်သားများ မထိခိုက်အောင် အရေး တကြီး စီစဉ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးမှ ကြေညာချက် ထုတ်ပြန်သည်။ နိုင်ငံတကာ လူသားချင်းစာနာရေး အရပ်ဘက်အဖွဲ့အစည်း (၂၀) မှ လည်း အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်၌ နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေးများလုပ်ရန် ခြိမ်းခြောက်သည့် လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်အရေး လှုပ်ရှားမှုအဖွဲ့ (Refugees International) မှ ကြေညာချက် ထုတ်ပြန်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ၌ ကျင်းပသည့် (၄၄) ကြိမ်မြောက် လူအခွင့်အရေး ကောင်စီညီလာခံ၌ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၌ အပစ်အခတ်ရပ်စဲရန်နှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းများအား ချက်ချင်းရပ်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ အစိုးရ တပ်မတော် အား တောင်းဆိုခဲ့သည်။

(၁၁)    မောင်တောမြို့နယ်၊ ဇီးပင်ကြီးတွင် ရေတပ်ရှိပြီး နယ်စပ်တလျှောက်လုံးတွင် နယ်ခြား စောင့်များ ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်မှ မောင်တောသို့ ခိုးဝင်လာ သည်ကို သိနေကြောင်း၊ အနောက်တံခါး ခြံစည်းရိုး လုံခြုံမှုရှိအောင် ပြုလုပ်ပေးရန် မောင်တောမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းမှ ပြောသည်။ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်နေကြခြင်းမှာ လာတ်ပေး၊ လာတ်ယူမှု များ ရှိနေသည့်အတွက် ဖြစ်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ထိထိမိမိ မဆောင်ရွက်နိုင်ပါက ကျန်းမာရေး၊ လုံခြုံရေး၊ လူဝင်/လူထွက် ပြဿနာများ ပိုမိုဆိုးရွာစွာ လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေမှ ပြောသည်။ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ခိုးဝင်နေခြင်း၊ ခိုးသွင်းနေခြင်းကို လေ့လာ သုံးသပ်ရန်လိုအပ်ပြီး ပြည်ထောင်စုအစိုးရတွင် အပြည်အဝတာဝန်ရှိကြောင်းနှင့် အခြေ အနေအား ထိန်သိမ်းမှု မလုပ်နိုင်လျှင် ဘူးသီးတောင်၊ မောင်တောဒေသအား သတ်ကွင်း ထဲ ပို့သလိုဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းမှ ပြောသည်။ သို့ရာတွင် မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသည့်အချိန်တွင် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များအား စာရင်းပေးပို့ရာတွင် ငွေကုန်ကြေးကျ မတတ်နိုင်သောကြောင့် ရသည့်နည်းများဖြင့် ဝင်လာကြခြင်းဖြစ်ကြောင်း ပြောသည်။

(၁၂)    နယ်စပ်မှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူ ပေး ရန် မောင်တောဒေသခံ အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁) ဦးတို့မှ ဆန္ဒ ဖော်ထုတ်ခဲ့ပြီး မောင်တောအခြေအနေသည်လည်း ကိုရိုနာဗိုင်းရပ်ရောဂါ အနီရောင် နယ်မြေဖြစ်နေပြီး ခိုးဝင်လာသူများအား နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲမရ၊ လဝကတွင်လည်း တရားစွဲ မရကြောင်းနှင့် သဘာဝဘေး အန္တရာယ်ဖြင့်သာ တရားစွဲရကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ မောင်တောမြို့ခံ ဦးစိန်လှဖြူမှပြောသည်။ သို့ရာတွင် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူ မောင်တောမြို့နယ်မှ (၁၉) ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ (၁၀) ဦးတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေ ခိုးဝင်ခိုးထွက် ပုဒ်မ ၁၃(၁) ၊ အားပေးကူညီမှု ပုဒ်မ ၁၃(င) တို့ဖြင့် အရေးယူထားကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းမှ ပြောသည်။

(၁၃)    ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် အတွင်းမှ မူဆလင်ဒုက္ခသည်များသည် နယ်စပ် ဝင်ပေါက်များမှ တဆင့် ဘူသီးတောင်နှင့် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည် ဝင်ရောက်မှုများရှိနေခြင်းသည်   နယ်စပ်ခြံစည်းရိုး မလုံသည့်အပြင် နယ်ခြား စောင့် တပ်များအား ULA/AA နှင့် ARSA အဖွဲ့များမှ တိုက်ခိုက်မှုများရှိနေခြင်းကြောင့် လုံခြုံရေးအရ သွားမရသည့် အတွက် တားဆီးရန် မတတ်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူးမှ ပြောသည်။ သို့ရာတွင် မောင်တော၊ ဘူးသီးတောင်မြို့ နယ်များသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်နေသည်များတွင် မှောင်ခိုပွဲစား များရှိပြီး လုံခြုံရေးဘက်မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်မှုရှိနေကြောင်း၊ ထိုသို့ ဝင်ရောက်လာသူများနှင့် လက်ခံထားသူများကို လဝကဥပ‌ဒေဖြင့် မောင်တောနယ်စပ် တလျှောက် ခြံစည်းရိုး ကာထားသော်လည်း သားငါး ရှာစားနေကြသည့် လှေသမားများ ဝင်ထွက် သွားလာနေသည့် ချောင်းမြောင်းများရှိနေသောကြောင့် ၎င်းနေရာများကို ခြံစည်း ရိုးကာ၍ အဆင်မပြေကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောသည်။

(၁၄)    ရခိုင်ပြည် မြောက်ပိုင်းတွင် ULA/AA အဖွဲ့ဝင်များသည် အရပ်သား အယောင်ဆောင်ပြီး ရောက်လာနိုင်သည့်အတွက်ကြောင့် ညဘက်အမှုလာဖွင့်လျှင် ရဲစခန်းတံခါးအား မဖွင့်ရဲ ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယရဲချုပ် (၁) ဒုရဲဗိုလ်ချုပ်မျိုးဆွေဝင်းမှ ပြောသည်။ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၂) အား အမည်မသိမျက်နှာဖုံးစွပ် လူ (၄) ဦးမှ ငွေကျပ်သိန်း (၁၈၀၀)ခန့် လုယက်မှု ဖြစ်ပွါးခဲ့သည်။ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ မင်းဘာကြီးလမ်းရှိ ဆောက်လုပ်ဆဲ (၄) ထပ်အဆောက်ဦး၏ တတိယထပ်၌အသက် (၁၃) နှစ် အရွယ် မုန့်သည် မလေးတဦးကို ဦးခေါင်းထိခိုက်ဒဏ်ရာ ဖြင့်တွေ့ရှိရသောကြောင့် ဆေးရုံသို့ပို့ဆောင်ထားစဉ် သေဆုံးသွားပြီး မုဒိန်းမှုကျူးလွန်ရန် အတွက်ကြိုးပမ်းရင်း သတ်ဖြတ်ခြင်းဖြစ်သည်ဟုယူဆရသည်။

(၁၅)   ပညာရေး – (၂ဝ၂ဝ) ပညာသင်နှစ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ရသေ့တောင် မြို့နယ်မှ (၁ဝ) ကျောင်း၊ မောင်တောမြို့နယ်မှ (၆၂) ကျောင်း၊ဘူးသီးတောင်မြို့နယ်မှ (၁၇) ကျောင်းနှင့် ကျောက်တော်မြို့နယ်မှ (၂ဝ) ကျောင်းစုစုပေါင်း စာသင်ကျောင်း (၁ဝ၉) ကျောင်းခန့်အား ဒေသအခြေအနေကြောင့် လုံးဝပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းမှ ပြောသည်။ စစ်ဘေးရှောင်များအတွက် ဖယ်ပေးရန် နေရာ အဆင်သင့်မရှိသေးသဖြင့် ပလက်ဝမြို့ပေါ်မှ စာသင်ကျောင်းများအား ဖွင့်နိုင်မည့် အလားအလာ မရှိသေးကြောင်းသိရသည်။ ကျောက်တော် မြို့တွင်လည်း ထိုနည်းတူ ပင်ဖြစ် သည်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စသည့် ဒေသများတွင် တိုက်ပွဲဖြစ်ပွါးနေသည့်အတွက် ၎င်းဒေမှ ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများသည် ယခုနှစ် ပညာသင်နှစ်အတွင်း လုံခြုံမှုမရှိဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ဆရာမအချို့မှ ပြော သည်။ အမ်းမြို့နယ်မှ စစ်တွေမြို့သို့ စစ်ဘေးရှောင်နေသူ မသန်းမြဝင်းမှ တိုက်ပွဲများ ဖြစ် နေသည့်အတွက် ကျောင်းမတက်ရ ဖြစ်နေသဖြင့် စစ်ပွဲများရပ်တန့်စေလိုကြောင်းပြော သည်။

(၁၆)    ရခိုင်ပြည်ရှိ စာသင်ကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း (၆) ပေ အကွာမှ သင်ကြားနိုင်ရန် စာသင်ခန်း အလုံအလောက် မရှိခြင်းနှင့် အဆောင် ဆောက်လုပ်ရန်လည်း ညွှန်ကြား ထားခြင်း မရှိသောကြောင့် စာသင်ချိန်များကို ခွဲပြီး သင်ကြားရမည့် အခြေအနေနှင့် ကြုံနေရသည်။

(၁၇)   ပညာရေးဝန်ကြီးဌာနမှ အသစ်ပြောင်းလဲလိုက်သည့် သင်ရိုးသစ်များနှင့် ပတ်သက်၍ အင်တာနက် မရရှိသည့် ရခိုင်နှင့် ချင်းပြည်နယ်မှ ကျောင်းများအား လျှပ်စစ်မီးရှိရုံနှင့် သင်ရိုးသစ်များကို လေ့လာနိုင်မည့် DBE Box (Department of Basic Education Box) များ ပေးအပ်သွားရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ အခြေခံပညာ ဦးစီးဌာနမှပြောသည်။

(၁၈)   မူးယစ်ဆေးဝါး – ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မောင်တောမြို့နယ်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား (၃) ကြိမ် ဖမ်းဆီးရရှိခဲ့ပြီး ဆေးပြားအရေအတွက် (၁၅၉၅၂၅၀)၊ ကာလ ပေါက်ဈေး ကျပ်ငွေ သိန်း (၂၆၈၀၀၀) ကျော်ခန့်ရှိကြောင်း သိရသည်။

(၁၉)   စီးပွါးရေး – တိုက်ပွဲဖြစ်ပွါးမှုရှိနေသော နယ်မြေများတွင် လယ်ယာထွန်ယက်၊ စိုက်ပျိုးရန် အတွက် စိုးရိမ်မှုများရှိနေကြပြီး၊ အစိုးရ တပ်မတော်စစ်ကြောင်းများလာပါက မကြာခဏ ပြေးနေရကြောင်း၊  လယ်ထွန်နေစဉ် လက်နက်ကြီးကျည် ကျရောက်မှုများ ရှိခြင်းကြောင့် လည်း အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း မြောက်ဦးမြို့နယ် တင်းထိန်ကန် ကျေးရွာ မှ ဦးမောင်သိန်းလှက ပြောသည်။

(၂၀)    ကျောက်ဖြူ၊စစ်တွေ၊သံတွဲမြို့များတွင် တောင်သူလယ်သမားများ အတွက်လယ် (၁) ဧက လျှင် စိုက်ပျိုးရေးချေးငွေ (၅) သောင်းကျပ်အား ထပ်တိုး ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မှဘဏ်မန်နေဂျာ ဦးအေးသိန်းမှ ပြောသည်။ ရေငန်ပုစွန်သားပေါက် အသားတိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် အတွက် သိမ်းဆည်းထားသည့် ဂွမြို့နယ်၊ မကျေးငူကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာ အုပ်စုတို့မှ မြေဧက (၄ဝ၅) ဒဿမ (၅၆) ဧကအား မူလပိုင်ရှင် လယ်သမား (၆၄) ဦးထံ ပြန်လည် ပေးအပ်လိုက်ကြောင်း မကျေးငူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဆန်းလွင်မှ ပြောသည်။

(၂၁)    (၁၀.၀၄.၂၀) ရက်နေ့မှစတင်ကာ မောင်တောနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည် လည်ပတ်ခဲ့ပြီး (၁) လလျှင် ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ (၁) သိန်း ကျော်တန်ဖိုး ကုန်သွယ်မှု ရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် စစ်တွေသို့ ကုန်သွယ်ရေး သွားနေသည့် သင်္ဘော၌ လိုက်ပါလာသူ (၁) ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသောကြောင့် (၂၃.၀၆.၂၀) ရက်နေ့တွင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ယာယီရပ်နားထား ရသည်။ မာန်အောင်ဒေသမှ နွားများကို ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့သော် လည်း ကပ်ရောဖြစ်ပွားနေမှုကြောင့် သွားလာရေး လမ်းကြောင်းများအား ပိတ်ထားသဖြင့် မာန်အောင်မြို့နယ်မှကုန်သည်များ စား၊ဝတ်၊ နေရေးအခက်အခဲ ဖြစ်နေကြသည်။

(၂၂)     ယဉ်ကျေးမှု – ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား ဂေါပကအဖွဲ့၏ သြဝါဒစရိယ သိန်းတန်ဆရာတော်ကြီး ဦးဣန္ဒမာလာ ဦးဆောင်ပြီး ကျောက်တော်နှင့် မြောက်ဦးမြို့နယ် တို့မှ ဆရာတော်၊ သံဃာတော်အပါး (၅၄) ပါးဖြင့် ကျောက်တော်မြို့၊ မဟာမြတ်မုနိဘုရား ၌ ပြန်တင်ထားသည့် မကိုဋ်တော်အား ပြည်သူများ တောင်းဆိုသည့်အတွက် (၀၇.၀၆.၂၀) ရက်နေ့၊ (၀၃း၁၅) နာရီတွင် ကျောက်တော်မြို့နယ်မှ ဆရာတော်အချို့ ဦးဆောင်ကာ ပြန်လည်ဖြုတ်ချခဲ့သည်။

(၂၃)    အလိုတော်ပြည့်ဘုရားနှင့် ကြာညိုပြင် ကျေးရွာအနီးရှိ ဘုန်းတော်ကြီး ကျောင်း၌ အစိုးရ တပ်မေတော်မှ တပ်စွဲထားကြောင်း တပ်စွဲထားကြောင်း ဘူးသီးတောင်မြို့နယ်မှအမျိုးသား လွှတ်တော ်ကိုယ်စားလှယ်ဦးမောင်ကျော်ဇံထံမှသိရသည်။

(၂၄)    လုံခြုံရေး – ရခိုင်ပြည်၌ ဒေသတွင်း တည်ငြိမ်အေးချမ်းပြီး ပြည်သူများ စိုးရိမ်ပူပန်မှုနှင့်အကြောက်တရားများ မရှိအောင် ပြုလုပ်ပေးရန် လိုအပ်ကြောင်း မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောမှ လည်းကောင်း၊ မြို့အနီးအနားထိ တိုက်ပွဲ ဧရိယာကျယ်ပြန့်လာခြင်းမှာ ကောင်းသော အလားအလာမဟုတ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှလည်းကောင်း၊ မိုင်းပေါက်ကွဲမှုများသည် မြို့အဝင်အထိ ရောက်ရှိလာသဖြင့် မဖြစ်ပွါးစေလိုကြောင်းပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်မှ လည်း ကောင်း၊ ဒေသခံများသွားလာနေကြသည့် လယ်ကွင်းအနီး၌ မိုင်းထောင်ခြင်းမှာ မဖြစ်သင့် ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမှလည်းကောင်း ပြောသည်။

၄။       သုံးသပ်ချက်များ

*****************************

၄.၁.    နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်များ

—————————————

(၁)      ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရေး – ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်ရှိ ဒေသတချို့အား ချန်လှပ်၍ ကျင်းပမည်ဖြစ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ (၃၀) မှ တင်ပြထားသည့် အချက် (၁၂) ချက်၊ KNC ပါတီမှ တင်ပြထားသည့် အချက် (၅) ချက်အား ကျေလည်အောင် မဆွေးနွေးရခြင်း၊ COVID-19 ကြောင့် တိုင်းရင်းသားများ မည်သည့်အရာကိုမှ လုပ်လို့မရသည့် အချိန်၌ အစိုးရတာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်များသို့ သွားရောက်ကာ ပါတီစည်းရုံရေးအသွင် လုပ်ဆောင်နေခြင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ဖမ်းဆီး ရန်ရှာမည်ကို စိုးရိမ်နေရခြင်းတို့ကြောင့် ၂၀၂၀ တွင် လွတ်လပ် ပြီး  တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ရန် ခဲယဉ်းသည်။

(၂)      ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ – NLD ပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်များအား ပီပြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့ခြင်းကြောင့် ပြည်သူလူထုနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများမှ ယုံကြည်မှု ကျဆင်းနေသဖြင့် အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရန် လွယ်ကူမည်မဟုတ်ဟု ယူဆရသည်။ ပြည်ထောင်စုအဆင့် အင်အားကြီးပါတီများဖြစ်သော NLD နှင့် ကြံခိုင်ရေးတို့အနေဖြင့် တိုင်းရင်းသား ပါတီငယ်များလိုလားသည့် အချိုးကျပါဝင်သည့် ညွှန်ပေါင်းအစိုးရစနစ်ကို မက်လုံးပေး၍ စည်းရုံးမှုပြုလုပ်လာနိုင်သည်။

(၃)      ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ – NLD ပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်များအား ပီပြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့ခြင်းကြောင့် ပြည်သူလူထုနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများမှ ယုံကြည်မှုကျဆင်းနေသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရန် လွယ်ကူမည် မဟုတ်ဟု ယူဆရသည်။ ပြည်ထောင်စုအဆင့် အင်အားကြီးပါတီများဖြစ်သော NLD နှင့် ကြံခိုင်ရေးတို့အနေဖြင့် တိုင်းရင်းသား ပါတီငယ်များလိုလားသည့် ပါတီများ အချိုးကျပါဝင် သော ညွန်ပေါင်းအစိုးရစနစ်ကို မက်လုံးပေး၍ စည်းရုံးမှုပြုလုပ်လာနိုင်သည်။

(၄)      ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး – ULA/AA အား မြန်မာအစိုးရ တပ်မတော်မှ အကြမ်းဖက် အဖွဲ့ဟု ထပ်တလဲလဲ ပြောဆိုနေခြင်း၊ နှစ်ဘက် လက်နက်ကိုင် အဖွဲ့များကြား အယုံ အကြည်ကင်းမဲ့မှု ပိုမိုကြီးမားလာခြင်း၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား အကောင်အထည်ဖော်ရာတွင် လက်နက်ကိုင်အဖွဲ့အစည်းတချို့အား ခွဲခြားဖယ်ချန်ထား သည့်အပေါ် ဗမာမဟုတ်သည့် တိုင်းရင်းသားများ အနေဖြင့် အယုံအကြည် ကင်းမဲ့ခြင်း တို့ကြောင့် နှစ်ဘက်စလုံးအပေါ် သြဇာလွှမ်းမိုးနိုင်သော နိုင်ငံကြီးတခုခု၏ ဖိအားမပါဘဲ ပစ်ခတ်တိုက်မှု ရပ်စဲရန် လက်တွေ့အားဖြင့် လွယ်ကူမည်မဟုတ်ဟု သုံးသပ်ရသည်။ ပြည်တွင်းစစ်သည် မတူကွဲပြားသည့် တိုင်းရင်းသားများအကြား အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်မရှိ၍ ပေါ်ပေါက်လာရခြင်းဖြစ်သည်ဆိုသော ဗမာမဟုတ် သည့် တိုင်းရင်းသားများ၏ ခံယူချက်ကို အလေးမထားဘဲ တိုင်းရင်းသားအရေးနှင့် လက်နက်ကိုင်ကိစ္စကို မရောထွေးရန်လိုကြောင်း ပြောဆိုချက်မှာ မြန်မာအစိုးရစစ်တပ် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးတွင်  အမျိုးသားတန်းတူရေးကို အလေးမထားကြောင်း ပေါ်လွင်နေသည်။

(၅)     ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ –  သြဂုတ်လတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ထားခြင်း မရှိသည့်အပြင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများအားလုံး မပါဝင်လာ နိုင်ခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးခြင်း၊ ပြင်ဆင်ချိန်တို တောင်းခြင်း၊ အကျဉ်းချုပ်သာ ကျင်းပရန် ရည်ရွယ်ထားခြင်းတို့ကြောင့် အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးမှုမဖြစ်နိုင်ဘဲ NLD အစိုးရသက်တမ်းမကုန်ဆုံးမီ အပြုသဘော ဆောင် သော လှုပ်ရှားမှုတခုသာ ဖြစ်နိုင်သည်။

(၆)     အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး – နှစ်ဘက်ကြား ညှပ်မည်စိုးရိမ်၍ နှုတ်ထွက်သွား ကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများ နေရာတွင် ဆက်လုပ်မည့်သူများလည်း ရှိနေသေး သဖြင့် မြို့နယ်အုပ်ချုပ်ရေး ယန္တရားများ မပျက်ပြားနိုင်ကြောင်း မြန်မာအစိုးရတပ်မတော်မှ ပြောဆိုချက်ကို ထောက်ရှု၍ လစ်လပ်နေရာများကို ၎င်းတို့အား ထောက်ခံအားပေးမည့်သူ များဖြင့် အစားထိုးလာနိုင်ကြောင်း သုံးသပ်ရသည်။ အကျိုးဆက်အနေဖြင့် စစ်အုပ်ချုပ်ရေး အသွင် ပိုမိုပေါ်လွင်လာပြီး ULA/AA ဘက်မှ တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုများလည်း ပိုမိုပြင်းထန်လာနိုင်သည်။ အုပ်ချုပ်ရေးမှူး အများအပြား နှုတ်ထွက်ကြခြင်းနှင့် လုံခြုံရေး အခြေအနေကြောင့် ရဲလုပ်ငန်းများအား တွင်ကျယ်စွာ မဆောင်ရွက်နိုင်ခြင်းကြောင့် တရား ဥပဒေ စိုးမိုးရေးအားနည်းပြီး ရာဇဝတ်မှုများ ပိုမိုပေါ်ပေါက်လာနိုင်ခြေရှိသည်။

(၇)     အင်တာနက် သတင်းပိတ်ဆို့မှု – မြန်မာအစိုးရနှင့် တပ်မတော်တို့မှ ရခိုင်ပြည်ရှိ မြို့နယ် တချို့တွင် အင်တာနက် ဖြတ်တောက်ထားသည်မှာ စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုများရှိနေခြင်း တို့ကြောင့် ဖြစ်သည်ဟု ဆိုသော်လည်း တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများအား Facebook မှ အချိန်နှင့် တပြေးညီ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ပြောဆိုချက်နှင့်ဆက်စပ်ကြည့်ပါက မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဖုံးကွယ်ထားလိုခြင်း၊ ဝါဒဖြန့်ချီရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတွင် အသာစီးရလိုခြင်း အစရှိ သည့် ရည်ရွယ်ချက်များလည်းရှိမည်ဟု ခန့်မှန်းရသည်။

(၈)     စစ်ဘက်ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး – အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏နောက်၌ ရပ်တည်နေသည့် အင်အားစုကြီးကြောင့် ၎င်းတို့အားချေမှုန်းရန် မြန်မာနိုင်ငံတခုတည်းမှ မလုပ်နိုင်ကြောင်း ရုရှသတင်းဌာန (ZVEZDA) နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်း၊ ULA/AA အနေဖြင့် နည်းပညာမြင့်သူများဆီမှ အဝေး ထိန်းမိုင်းခွဲသည့် နည်းပညာများကို ရရှိထားကြောင်း အိန္ဒိယမှသတင်းပေးသည်မှာ မှန်ကန် သည်ဟုဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောကြားခြင်းတို့တွင် ၎င်းတို့ရည်ညွှန်းသော အင်အား စုကြီး (ဝါ) နည်ပညာမြင့်သူ (ဝါ) နိုင်ငံတခုခုဆိုသည်မှာ တရုတ်နိုင်ငံကို ဆိုလို သည်ဟု ယူဆရပြီး တရုတ်နိုင်ငံအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်စပ်မှု၊ ကူညီ အားပေး မှုရှိနေလျှင် ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် အကျိုးတူပူးပေါင်းမှုကို ပိုမိုတိုးမြှင့်သွား ရန်အလားအလာရှိကြောင်း သွယ်ဝိုက်ပြသသည့် သဘောဖြစ်နေသည်။ ထိုင်းနိုင်ငံ၊ မဲဆောက် တွင် ULA/AA အဖွဲ့ထံသွားမည်ဟု ယူဆရသော လက်နက်များ ဖမ်းဆီးခံရ ခြင်းမှာ မြန်မာအစိုးရတပ်မတော်နှင့် ထိုင်းစစ်အစိုးရတို့ကြား သတင်းဖလှယ်၍ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ကောင်းဖြစ်နိုင်ပြီး ယခင်က ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံများတွင် ULA/AA နှင့် ဆက်စပ်သူများအား ဖမ်းဆီးခဲ့ခြင်း၊  ဒေသတွင်း ပြဿနာများအား ဖြေရှင်းရန် အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့၏ စည်းလုံးညီညွတ်မှုက ပိုပြီးအရေးကြီးလာကြောင်း အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောဆိုခဲ့ခြင်းတို့ကို ထောက်ရှု၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား နှိမ်နှင်းရာတွင် ရုရှားနှင့် အိန္ဒိယတို့အပြင် အာဆီယံ နိုင်ငံများ၏ ပူးပေါင်းပါဝင်မှုကို မြန်မာအစိုးရတပ်မတော်အနေဖြင့် တစုံတရာရရှိနေသည်၊ ဆက်လက် ရရှိရန်လည်း နည်းလမ်းမျိုးစုံသုံး၍ ကြိုးပမ်းမှုများရှိနေလိမ့်မည်ဟု ယူဆရ သည်။

၄.၂. စစ်ရေးဆိုင်ရာ သုံးသပ်ချက်များ

—————————————————-

(၁)      နှစ်ဘက်ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ – မြန်မာအစိုးရ စစ်တပ်မှ အင်အား အလုံးအရင်းဖြင့် ဖိအားပေးခံရသည့်အတွက် ULA/AA မှ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များအား ရေလမ်း၊ ကားလမ်း၊ ရထားလမ်းနှင့် တံတားအဖြတ်များတွင် မိုင်းခွဲ တိုက် ခိုက်မှုများ၊  ရဲစခခန်းငယ်များအား စီးနင်းတိုက်ခိုက်မှုများ၊ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား တယောက်ချင်း လုပ်ကြံသတ်ဖြတ်မှုများ ဆက်လက်ပြုလုပ်နေရဦးမည် ဖြစ်သည်။

(၂)      စစ်ဘက်ဆိုင်ရာ နည်းပညာ – ULA/AA မှ အသုံးပြုသည့် မိုင်းများသည် အဝေးထိန်း နည်းပညာသုံး၍ အရွယ်အစားပိုမိုကြီးမားလာပြီး နည်းပညာအဆင့်အတန်းလည်း ပိုမို မြင့်မားလာသည်ဟု သုံးသပ်ချက်များရှိသော်လည်း စစ်တွေ-ရေချမ်းပြင် ကားလမ်းတွင် မိုင်းထောင်ရန် ကြိုးပမ်းရာ၌ အချိန်မတိုင်မီ ပေါက်ကွဲခဲ့ခြင်း၊ တောင်ကုတ်-မအီ ကားလမ်း တွင် မိုင်းထောင်ရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲမှုဖြစ်၍ ULA/AA အဖွဲ့ဝင်ဟုယူဆရသူ (၄) ဦး သေဆုံးခဲ့ခြင်းတို့ကြောင့် ကိုင်တွယ်သုံးစွဲသူများ အနေဖြင့် နည်းပညာကျွမ်းကျင်မှုအား နည်းပြီး ၎င်းတို့ကိုယ်တိုင်ကိုရော ပြည်သူလူထုကိုပါ မတော်တဆ ထိခိုက် သေဆုံးမှုများ ဖြစ်စေလိမ့်မည်ဟု သုံးသပ်ရသည်။ မြန်မာအစိုးရစစ်တပ်မှ စစ်ကြောင်းအဆင့်တွင်ပင် မောင်းသူမဲ့ ကင်းထောက်လေယာဉ်ငယ်များကို သုံးနေသည်ဆိုပါက ဝေဟင်သတင်း ထောက်လှမ်းရေးတွင် ဆန့်ကျင်ဖက်အဖွဲ့အား အသာစီးရနိုင်သည်။ သို့ရာတွင် အဆိုပါ မောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ် ပျက်ကျခဲ့သည်မှာ စက်ပိုင်းဆိုင်ရာ အားနည်းချက် (သို့) ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်သူများ၏ နည်းပညာ အားနည်းချက်ကြောင့် ဖြစ်နိုင် သည်။

(၃)      အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ – မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မောင်တောမြို့နယ်တွင် ARSA နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့အကြား ယခင်လတွင် ထိတွေ့ပစ်ခတ်မှု (၂) ကြိမ်၊ ယခုလတွင် ထိတွေ့ ပစ်ခတ်မှု (၁) ကြိမ် ဖြစ်ပွါးခဲ့သဖြင့် ULA/AA နှင့် အစိုးရလက်နက်ကိုင် တပ်ဖွဲ့များကြား ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူ၍ ၎င်းတို့ကလည်း တိုက်ပွဲများ အခွင့်သာသလို ဖော် ထုတ်လာနိုင်ကြောင်း ခန့်မှန်းရသည်။

၄.၃. လူ့အခွင့်အရေးဆိုင်ရာ သုံးသပ်ချက်များ

————————————————-

(၁)      မတရားဖမ်းဆီးချုပ်နှောင်ခြင်း – ရမ်းဗြဲမြို့နယ် NLD အလုပ်မှုဆောင်အဖွဲ့ဝင်ဦးဇေယျာမင်း အား ULA/AA က ဖမ်းဆီးခဲ့သည်ဆိုခြင်းမှာ ၎င်းတို့နှင့် အစိုးရကြား တင်းမာမှုများ မြင့်တက်လာအောင် အစိုးရစစ်တပ်မှ တမင်ဖန်တီးနေခြင်းဖြစ်သည်ဟု ULA/AA ပြောရေး ဆိုခွင့်ရ ခိုင်သုခမှဆိုသော်လည်း NLD ပါတီဝင်များအား ULA/AA မှ ဖမ်းဆီးခဲ့သည့် အဖြစ် အပျက်များ ယခင်ကလည်း ရှိခဲ့ဖူးသည်။ ALP/ALA အဖွဲ့ဝင် (၂) ဦးအား ULA/AA မှ ဖမ်းဆီးခဲ့ပြီး၊ ALP/ALA အဖွဲ့ဝင်ဟောင်းတဦးဖြစ်အား ULA/AA နှင့် ဆက်စပ်သည်ဟု ယူဆကြသော တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းမှ ဖမ်းဆီး သုတ်သင်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက်မှာ မှန်ကန်ပါက ULA/AA အနေဖြင့် ရခိုင်လူ့ အဖွဲ့အစည်းအတွင်း မတူကွဲပြားသည့် အမြင်သဘောထားများကို လက်မခံနိုင်ဆိုသည့် သဘောသက်ရောက်နေသည်။

(၂)      အစိုးရစစ်တပ်မှ အရပ်သားတဦးအား စစ်ဝတ်စုံဝတ်ခိုင်းပြီး လမ်းပြအဖြစ် ဖမ်းဆီးသွား သည်ကို ထောက်ရှု၍ ၎င်းတို့အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသွင်အမျိုးမျိုး ဖြင့် ဖုံးကွယ်၍ ကျူးလွန်မှုများ ရှိနေနိုင်ကြောင်း သုံးသပ်ရသည်။

(၃)      နှစ်ဘက်အဖွဲ့အစည်းမှ အကျိုးအကြောင်းမဲ့ ဖမ်းဆီးထားသော အရပ်သားများအား လွှတ် ပေးရန် အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်တောင်းဆိုချက်များမှာလည်း မိမိတို့နှင့် နီးစပ်ရာ ပုဂ္ဂိုလ်တဦးတယောက် (သို့) တစုတဖွဲ့အတွက်သာ ရည်ရွယ်ပြီး လူသားတိုင်း လူ့အခွင့်အရေးနှင့်အညီ၊ လူ့ဂုဏ်သိက္ခာနှင့်အညီ၊ တရားဥပဒေနှင့်အညီ ရှင်သန်နေထိုင် ခွင့်ကို လျစ်လျူရှုထားသည့် သဘောဖြစ်နေသည်။

(၄)      ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း – စစ်ပွဲများကြားမှာ   မြေစာပင်ဖြစ် နေရသည့် ရခိုင်ပြည်သူများနှင့် ပတ်သတ်ပြီး၊ ကိုလိုနီစနစ်ဆိုးအောက်မှ ရုန်းထွက်ရန် ကြိုးစား နေသည့် လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည်   ထိခိုက်နစ်နာမှုများဖြင့် ကြုံတွေ့ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ   ခိုင်သုခ၏ ပြောဆိုချက်မှာ အကြမ်းဖက် နှိင်နှင်းရာတွင် အရပ်သားများအား မလွှဲမရှောင်သာ ထိခိုက်မှုများ ဖြစ်ရသည်ဆိုသော ဦးဇော်ဌေး၏ ပြောဆိုချက်များနှင့် သဘောသဘာဝချင်း မတိမ်းမယိမ်းဖြစ်ပြီး လူသား လုံခြုံရေးကို နှစ်ဖက်စလုံးမှ ထည့်သွင်းစဉ်းစားမှု အားနည်းသည်ကို ဖော်ပြနေသည်။

(၅)     နှစ်ဘက်တပ်များနှင့် တိုက်ပွဲကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း  အရပ်သားများအား မိမိတို့ထင်မြင်ယူဆသလို စွပ်စွဲ၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်း၊ မိမိတပ်ဖွဲ့ဝင်များ၏ မတော်မတရားသည့် လုပ်ရပ်ကို တာဝန်ယူ၊ တာဝန်ခံရန် ငြင်းဆန်ခြင်းတို့မှာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းအတွက်မဆို ကျင့်ဝတ်သိက္ခာ မဲ့ရာရောက်ပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်အတွက် လက်နက် ကိုင်ရပါသည်ဆိုသော တပ်မတော်တရပ်၏ အခြေခံအကျဆုံး ရည်ရွယ်ချက် များနှင့် ဆန့်ကျင်နေသည်။

(၆)     ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း – မြန်မာအစိုးရ စစ်တပ်မှ ပြည်သူလူထု တွင် သိုလှောင်ထားသော စားနပ်ရိက္ခာများအား တဖက်အဖွဲ့အစည်းသို့ မရောက်စေရန် ဖျက်ဆီးသည့် သဘောဖြင့် မီးရှို့ဖျက်ဆီးခြင်းများ ရှိဟည်ဟု ယူဆရသည်။ အစိုးရ စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ခြင်း၊ မီးရှို့ခြင်းနှင့် လုယက်ယူငင်ခြင်းကြောင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ပျက်စီးဆုံရှုံးခြင်းများမှာ အမြဲတမ်းလိုလို ဖြစ်ပွါးနေသဖြင့် တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် အား ကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေရသည်ဆိုသော မြန်မာအစိုးရ စစ်တပ်၏ ပြောဆိုချက်များမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။

(၇)     လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း – ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ် (၇) ခုနှင့် ပလက်ဝတွင် အင်တာနက်ပြန်ဖွင့်ပေးရန် အပြင်းအထန် တောင်းဆိုနေကြသည်ကို အစိုးရနှင့် မြန်မာ့ တပ်မတော်မှ လုံးဝဂရုမစိုက်သည်သာမက သတင်းလွတ်လပ်ခွင့်ရရှိရန် တောင်းဆိုသူ များကိုပင် နှိပ်ကွပ်လျက်ရှိခြင်းကြောင့် NLD အစိုးရနှင့် မြန်မာ့တပ်မတော်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ အယုံအကြည်ကင်းမဲ့ဖွယ်ပင်ဖြစ်သည်။

(၈)     လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း – မြန်မာ့တပ်မတော်မှ ဆန့်ကျင်ဖက် အဖွဲ့အစည်းအား နယ်မြေပိတ်ဆို့ရှင်းလင်းရာတွင် အရပ်သားများ၏ စား၊ ဝတ်၊ နေရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အကြပ်အတည်းများကို ထည့်သွင်းစဉ်းစားခြင်း မရှိ၊ အစိုးရမှလည်း တစုံတရာ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် နေရပ်စွန့်ခွါ ပြောင်းရွေ့မှုများ တိုးပွါးလာနိုင်သည်။

(၉)     အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း – လမ်းပြအဖြစ် အတင်းအဓမ္မ လုပ်အားပေး စေခိုင်း ခြင်းမှာ အစိုးရစစ်ကြောင်းများ လှုပ်ရှားမှုတိုင်းတွင် အနည်းနှင့်အများ ရှိနေလိမ့်မည်ဟု ခန့်မှန်းရသည်။

၄.၄. စစ်ဘေးရှောင်ဆိုင်ရာ သုံးသပ်ချက်များ

———————————————-

(၁)      စစ်ဘေးရှောင်ဦးရေနှင့် စခန်း အတိုးအလျော့ – ၂၀၂၀ ခုနှစ်၊ မေလတွင် ထပ်တိုး စစ်ဘေး ရှောင်ဦးရေ (၅၀၀၀) ကျော်ခန့်ရှိပြီး ယခု ဇွန်လတွင် (၃၀၀၀၀) ခန့်ရှိသဖြင့် ယခင်လ ထက် (၆) ဆခန့် တိုးပွါးခဲ့သည်။

(၂)      စစ်ဘေးရှောင်များ၏ စား၊ ဝတ်၊ နေရေး – စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်ခွင့်အား ပိတ်ပင်ကန့်သတ်ထားခြင်း၊ စာသင်ကျောင်းများတွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်များ အား မည်သည့်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးပါဟု အစိုးရမှ ညွှန်ကြားခြင်း၊ စစ်ဘေး ရှောင်စခန်းများတွင် ငွေကြေးအထောက်အပံ့ မပြည့်စုံ၍ အမိုးအကာနှင့် အဆောက်အဦး များ လုံလောက်စွာမရှိခြင်းတို့ကြောင့် မိုးတွင်းကာလ နေထိုင်ရေးမှာ ရင်လေးဖွယ်ပင်ဖြစ် သည်။ ရေလမ်း၊ ကုန်းလမ်းများအား ပိတ်ဆို့ထားခြင်း၊ လမ်းကြောင်းတွင် တိုက်ပွဲဖြစ်ခြင်း၊ ဖြတ်သွားဖြတ်လာများအား ပစ်ခတ်ကြခြင်း၊ အစိုးရမှ ကိုယ်တိုင်လည်း မထောက်ပံ့သည့် အပြင် နိုင်ငံတကာ အထောက်အပံ့များကိုလည်း ကန့်သတ်ထားခြင်းတို့ကြောင့် အစား အသောက်မှာလည်း စစ်ဘေးရှောင်များလာသည်နှင့်အမျှ ပိုမိုကြပ်တည်းလာနိုင်သည်။

(၃)      စစ်ဘေးရှောင်များ၏ ကျန်းမာရေး – အစိုးရမှ ကျန်းမာရေးကူညီစောင့်ရှောက်မှု အားနည်း သည့်အပြင် မိုးတွင်းကာလတွင် စစ်ဘေးရှောင်စခန်းများ၌ အမိုးအကာနှင့် အဆောက် အဦး၊ မလုံလောက်သဖြင့် ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ တချို့စစ်ဘေးရှောင် စခန်းများတွင် အိမ်သာပင် လုံလောက်စွာမရှိ၍ မိုးတွင်းကာလ၌ ဝမ်းရောဂါများ ကူးစက်ပြန့်ပွါးလာနိုင်သည်။ စစ်ဘေးရှောင်များမှ UNICEF နှင့် ICRC တို့ထံတွင် အကူအညီတောင်းခံသည်ကို အစိုးရမှ ခွင့်ပြုချက်မပေးသည်မှာလည်း ပြည်သူလူထုအား တမင်သက်သက် နှိပ်စက်ညှင်းပန်း သလိုဖြစ်နေသည်။

(၄)      စစ်ဘေးရှောင်များ၏ လုံခြုံရေး – စစ်ဘေးရှောင်စခန်းများအား အစိုးရတပ်မတော် စစ်ကြောင်းများမှ ဝင်ရောက်စစ်ဆေးခြင်း၊  စစ်ဘေးရှောင်စခန်း အနီးအနားတွင် တိုက်ပွဲ ဖြစ်ပွါး၍ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာများတွင် အစိုးရစစ်တပ်မှဝင်ရောက် တပ်စွဲ၍ လမ်းကြောင်းပိတ်ဆို့ရာတွင် မသန်စွမ်း၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ပိတ်မိနေခြင်းတို့ကြောင့် လုံခြုံမှုမရှိသလို ခံစားနေကြရသည်။

(၅)     စစ်ဘေးရှောင်များ၏ ပညာရေး – စစ်ဘေးရှောင်များ၏ ပညာရေးအတွက် အစိုးရမှလည်း တာဝန်မယူသလို မြို့ပေါ်တွင် နေထိုင်ရန်လည်း အဆင်မပြေသဖြင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရပြီး စစ်ဘေးရှောင်စခန်း တချို့တွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ သင်ကြား နေရသည်။  တနေ့ထက်တနေ့ စစ်ဘေးရှောင်ဦးရေ များသထက်များလာသလို ပညာ သင်ကြားခွင့်မရသည့် ကလေးသူငယ်များလည်း ပိုမိုများပြားလာမည် ဖြစ်သည့်အတွက် နောင်အနာဂတ်တွင် အဆိုပါ လူငယ်များအတွက်သာမက နိုင်ငံအတွက်ပါ အစားထိုးမရ သည့် လူသားအရင်းအမြစ်များ ဆုံးရှုံးမှုများနှင့် ကြုံလာနိုင်သည်။

၄.၅. အထွေထွေ လူမှု-စီးပွါးရေးဆိုင်ရာ သုံးသပ်ချက်များ

———————————————-

(၁)      စား၊ ဝတ်၊ နေရေး – ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းမှ ကမန် ဒုက္ခ သည်များအတွက် တည်ဆောက်ပေးမည့် နေရာသည် ဒီရေရောက်သည့် ဆားငန်တော ဖြစ်ပြီး စီးပွါးရေးလုပ်ကိုင်ရန် အဆင်မပြေသောကြောင့် မူလနေရာတွင်  ပြန်လည်နေရာ ချပေးရန် တောင်းဆိုခဲ့ကြသည်ကို လိုက်လျောမပေးပါက ကမန်အမျိုးသားများအနေဖြင့် နေရာချထားရာတွင် တာဝန်ရှိသည့် အစိုးရဝန်ကြီးများအား လူမျိုးရေးအရ မကျေလည်မှု များရှိလာနိုင်သည်။

(၂)      COVID-19 နှင့် တိုက်ပွဲများအပြင် အစိုးရတပ်မတော်မှ လမ်းကြောင်းပိတ်ဆို့ထားခြင်းများ ကြောင့် စား၊ ဝတ်၊ နေရေး အကြပ်အတည်း တဖြည်းဖြည်း ပိုမိုကြီးမားလာသည့် အတွက် ခိုးဆိုးလုယက်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသည်။

(၃)      ကျန်းမာရေး – ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ပထမဆုံးကိုရိုနာဗိုင်းရပ်စ် အနီရောင်နယ်မြေ (Red Zone) အဖြစ် သတ်မှတ် ကြေညာထားသည့် ကော့စ်ဘဇားခရိုင်မှ မောင်တောခရိုင်သို့ ခိုးဝင်လာသည့် ဒုက္ခသည်များ စဉ်ဆက်မပြတ်ရှိနေပြီး ယခုအချိန်ထိ ရခိုင်ပြည်သို့ တရုတ် နိုင်ငံမှ ပြန်လာသူ (၃၅ဝဝ) ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁ဝဝဝ) ကျော်ရှိသဖြင့် ခိုးဝင်လာသူများအား ပိတ်ပင်တားဆီးခြင်း၊ တရားဝင်ပြန်လာသူများအား စနစ်တကျ Quarantine ပြုလုပ်၍ စစ်ဆေးခြင်းအစရှိသည့် ကိစ္စများအား ထိရောက်စွာ မပြုလုပ်နိုင်ပါ က ရောဂါပြန့်ပွါးလာလျှင် ထိန်းချုပ်ရန် အခက်အခဲရှိလာနိုင်သည်။

(၄)      လုံခြုံရေး – လူနေရပ်ကွက်၊ ကျေးရွာနှင့် မြို့များအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွါးခြင်း၊ မိုင်းပေါက်ကွဲခြင်း၊ ဒေသခံများသွားလာနေကြသည့် လယ်ကွင်းအနီး၌ မိုင်းထောင်ခြင်းတို့ မှာ မဖြစ်သင့်ကြောင်း ဒေသခံများနှင့် လွှတ်တော်အမတ်များမှ ပြောဆိုမှုများသည် ပြည်သူ လူထုကြားတွင် ကြုံတွေ့နေရသော ဘေးအန္တရာယ်နှင့် ဖြစ်ပေါ်နေသော အကြောက်တရား များကို ထင်ဟပ်စေသည်။ အရပ်သားများအား နှစ်ဘက်စလုံးမှ ဖမ်းဆီခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို တားမြစ်နိုင်မည့်သူ မရှိသလိုဖြစ်နေသည်။ ထိုသို့သော အရှုပ်အထွေးများကြားတွင် “တောင်ကုတ် မြို့နယ်လုံးဆိုင်ရာ အမျိုးသား လုံခြုံရေးအဖွဲ့” ကဲ့သို့သော တဘက်ဘက်မှ သြဇာခံ လူမိုက်လုပ်မည့် အဖွဲ့အစည်းများလည်း ထပ်မံပေါ် ပေါက်လာနိုင်သည်။ ရခိုင်ပြည်ရှိ လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးများ ထိခိုက် သေဆုံးနှုန်းသည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်း (၃) လတာကာလထက် (၆) ဆ မြင့်တက်လာ သည်မှာ အနာဂတ်အတွက် ရင်လေးဖွယ်ပင် ဖြစ်သည်။

(၅)     တိုက်ပွဲကြောင့်ဖြစ်စေ၊ လာဘ်စားခြစားခြင်းကြောင့်ဖြစ်စေ၊ နယ်စပ်တလျှောက်လုံး ခြံစည်း ရိုး လုံခြုံစွာ မကာနိုင်သေး၍ဖြစ်စေ ဘင်္ဂလားဒေ့ရှ်မှ မောင်တောသို့ ခိုးဝင်လာသူများအား ထိရောက်စွာ မတားဆီးနိုင်ပါက ကျန်းမာရေး၊ လုံခြုံရေး၊ လူဝင်/လူထွက် ပြဿနာများ ပိုမိုဆိုးရွာစွာ လာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

(၆)     ရခိုင်ပြည်၏ မြို့တော်စစ်တွေရှိ လူထူထပ်သည့် မြို့နေရပ်ကွက်များ၌ပင် နေ့ခင်းကြောင် တောင် ဘဏ်ဓားပြတိုက်မှု၊ မုဒိန်းလူသတ်မှုများ ဖြစ်ပေါ်နေသည်မှာ တရားဥပဒေစိုးမိုးရေး လျော့ရဲမှု၏ ပြယုဂ်များပင် ဖြစ်သည်။

(၇)     ပညာရေး – တိုက်ပွဲများကြောင့် (၂ဝ၂ဝ) ပညာသင်နှစ်တွင် ရသေ့တောင်၊   မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်မှ စာသင်ကျောင်း (၁ဝ၉) ကျောင်းခန့်အား လုံးဝ ပိတ်ထားမည်ဖြစ်သည်။ စစ်ဘေးရှောင်များအတွက် ဖယ်ပေးရန် နေရာအဆင်သင့် မရှိသေးသဖြင့် ပလက်ဝနှင့် ကျောက်တော်မြို့ပေါ်တွင်လည်း စာသင်ကျောင်းများ ဖွင့်လှစ် နိုင်မည့် အလားအလာမရှိပေ။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊   မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် လုံခြုံမှုမရှိမည်ကို စိုးရိမ်နေရသဖြင့် ပညာ သင်ကြားရေးကို ထိခိုက်စေသည်။ ဤအခြေအနေတွင် Covid-19 ကာကွယ်ရေးအတွက် စာသင်ကျောင်းများ၌ တဦးနှင့်တဦး (၆) ပေအကွာနေ၍ သင်ကြားရန် ကျန်းမာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်၊ သင်ရိုးသစ်များကို DBE Box (Department of Basic Education Box) များဖြင့်လေ့လာနိုင်ရန် ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်ပေးမည့် အစီအစဉ်များမှာ စိတ်ကူးယဉ်ဆန်သလို ဖြစ်နေပေသည်။

(၈)     မူးယစ်ဆေးဝါး – ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မောင်တောမြို့နယ်တွင် စိတ်ကြွ ရူးသွပ် ဆေးပြား (၃) ကြိမ် ဖမ်းဆီးရရှိခဲ့ပြီး ဆေးပြားအရေအတွက် (၁၅၉၅၂၅၀)၊ ကာလ ပေါက်ဈေး ကျပ်ငွေ သိန်း (၂၆၈၀၀၀) ကျော်ခန့်ရှိသဖြင့်လက်နက်ကိုင်ပဋိပက္ခနှင့် Covid-19 ကြောင့် တခြားစီးပွါးရေး လုပ်ငန်းများ မလည်ပတ်နိုင်သည့် အချိန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် လုပ်ငန်းကို ပိုမိုအာရုံရောက်နေကြသလား ဟု စဉ်းစားစရာဖြစ်သည်။

(၉)     စီးပွါးရေး – နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု၊ အစိုးရတပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် ပစ်ခတ်မှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် လယ်ယာထွန်ယက်၊ စိုက်ပျိုးရန်အတွက် စိုးရိမ်မှုများရှိနေကြသည်။ Covid-19 ကြောင့် ဘင်္ဂလားဒေ့ရှ်နှင့်စစ်တွေသို့ ကုန်သွယ်ရေးကိုလည်း ရပ်ဆိုင်းထားရသည်ဖြစ်ရာ ရခိုင်ပြည် ၏စီးပွါးရေးမှာ တဖြည်းဖြည်းကျဆင်းလာနိုင်သည်။

(၁၀)    ယဉ်ကျေးမှု – ရခိုင်ပြည်ရှိ သာသနိက အဆောက်အအုံမျာတွင် အစိုးရတပ်မတော်မှ တပ်စွဲ ထားခြင်းများရှိသဖြင့် ထိုနေရာတဝိုက်တွင် တိုက်ပွဲဖြစ်ပွါးပါက သာသနိက အဆောက် အအုံများနှင့် ရှေးဟောင်းလက်ရာများကို အနည်းနှင့်အများ ထိခိုက်လာနိုင်သည်။

၅။      အကြံပြုချက်များ

**************************

၅.၁.    နိုင်ငံရေးဆိုင်ရာ အကြံပြုချက်များ

———————————————

(၁)      ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရေး – ၂၀၂၀ တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအား ကျင်းပမပေးနိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊  ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် အလှမ်း ဝေးသထက်ဝေးကာ ပြည်တွင်းစစ်သံသရာမှ ရုန်းထွက်နိုင်မည် မဟုတ်ကြောင်းကို မြန်မာ အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ဆင်ခြင်သုံးသပ်သင့်သည်။

(၂)      ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ – NLD ပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါသော်လည်း ရွေးကောက်ပွဲ ကတိကဝတ် များအား ပီပြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြသော တခြားတိုင်းရင်းသားပါတီများနှင့်ဆန့်ကျင် ဘက်သဘောဆောင်နေခြင်း အစရှိသည့် ကိစ္စများကို ပြန်လည်သုံးသပ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရ၍ အစိုးရဖွဲ့စည်းနိုင်ရုံလောက်ကိုသာ မစဉ်းစား ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအား ပြုပြင်ပြောင်းလဲရန် အမှန်တကယ် ဆန္ဒရှိသည့် ရည်မှန်းချက် တူညီသော ပါတီများဖြင့် မဟာမိတ်ဖွဲ့စည်းရေး၊ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ကိစ္စများကို မဲဆွယ်စည်းရုံးရေးကာလကပင် စဉ်းစားဆောင်ရွက်သင့်သည်။

(၃)      ၂၀၂၀ ရွေးကောက်ပွဲနှင့် ရခိုင်ပြည် – ရခိုင်ပါတီများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်တပြည်လုံး၌ သော်လည်းကောင်း၊ တစိတ်တပိုင်း၌ သော်လည်းကောင်း ကျင်းပပြုလုပ် ခွင့်မရဘဲ စစ်အုပ်ချုပ်ရေး အသွင်ဆောင်သော ပြည် (နယ်) အစိုးရတရပ် ပေါ်ပေါက်လာလျှင် ပါတီဆက်လက်တည်တံ့ရေးနှင့် ရခိုင်ပြည်သူလူထု အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု နည်းနိုင်သမျှ နည်းပါးစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ကြိုတင် ချမှတ်ထားသင့်သည်။ NLD ပါတီအနေဖြင့်လည်း ရခိုင်ပြည် တစိတ်တပိုင်း၌သာ ရွေးကောက်ပွဲ ကျင်းပပေးလျှင် ရခိုင်ပြည်သူလူထု၏ ယုံကြည်မှု ပိုမိုကျဆင်းလာမည်ကို အလေးဂရုပြုသင့်သည်။

(၄)      ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး – မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တန်းတူ ဆွေးနွေး အဖြေရှာနိုင်ရန် အခွင့်အရေးမပေးလျှင်၊ အမျိုးသားတန်းတူရေး ပြဿနာနှင့် လက်နက်ကိုင်ပဋိပက္ခကို သီးခြားစီဟု ခံယူထားလျှင် တနိုင်ငံလုံးအတိုင်းအတာ ဆောင် သည့် ပစ်ခတ်တိုက်မှု ရပ်စဲရေးမှာ အကောင်အထည် ပေါ်နိုင်ရန် ခဲယဉ်းကြောင်းနှင့် ပြည်ပ နိုင်ငံတခုခု၏ ဖိအားသက်သက်ဖြင့် တည်ဆောက်သော ငြိမ်းချမ်းရေးမှာ ရေရှည်တည်တံ့ ခိုင်မြဲမှုမရှိနိုင်ကြောင်း ဆင်ခြင်သုံးသပ်သင့်သည်။

(၅)      ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ –  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောာင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အနှစ်သာရရှိသော ရလာဒ်ကောင်းများ ထွက်ပေါ်လာစေရန်

(က)    တနိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊

(ခ)      တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်အား ညှိနှိုင်း ရေးဆွဲရာတွင် ပါဝင်ခဲ့သော အဖွဲ့အစည်းများအားလုံး တန်းတူရေး အခြေခံဖြင့် ပါဝင်နိုင်ရေး၊

(ဂ)     နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ လမ်းပြမြေပုံနှင့်အညီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား သက်ဆိုင်ရာ ပြည်နယ်တိုင်း၌ ကျင်းပခွင့်ရရှိရေး  ကိစ္စများကို ဦးစားပေး ဆောင်ရွက်သင့်သည်။

(၆)     အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး – နှစ်ဘက်ကြားညှပ်မည်စိုးရိမ်၍ နှုတ်ထွက် သွားကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများနေရာတွင် တဘက်ဘက်ကို ထောက်ခံအားပေး မည့်သူများဖြင့် အစားထိုးလိုက်ရုံဖြင့် အုပ်ချုပ်ရေးယန္တရားအား ပြန်လည်တည့်မတ်နိုင်မည် မဟုတ်ဘဲ ပဋိပက္ခပိုမိုပြင်းထန်၍ တရားဥပဒေ စိုးမိုးရေးပိုမို အားနည်းလာနိုင်သည်ကို မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် ထည့်သွင်း စဉ်းစားသင့်သည်။ လိုအပ်ပါက ကြားကျ၍ သီးခြားလွတ်လပ်သည့် အရပ်သားများဖြင့် ဖွဲ့စည်းထားသော အုပ်ချုပ်ရေးစနစ် ကို ပြည်သူလူထုမှ ကိုယ်ထူကိုယ်ထ ထူထောင်ခွင့်ပေးသင့်သည်။

(၇)     အင်တာနက် သတင်းပိတ်ဆို့မှု – မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ရခိုင်ပြည်ရှိ မြို့နယ်တချို့တွင် အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး မရှိသည်သာမက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှ သွေဖီနေသော၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဗြောင်ကျကျ ကျူးလွန်နေသော အစိုးရနှင့် တပ်မတော်အဖြစ် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်ပြောဆိုနေကြသည်ကို အလေးထားသင့်သည်။

(၈)     စစ်ဘက်ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး – မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးတွင် ပြည်ပနိုင်ငံများ၏ အကူအညီဖြင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများအား အမြစ်ပြတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဘဲ ၎င်းတို့၏ အကျိုးစီးပွါးနှင့်ယှဉ်၍ မိမိတို့၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်လိုသော နိုင်ငံများ အား ဖိတ်ခေါ်နေသလို ဖြစ်နေသည်ကို သတိမူကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းအဖြေရှာနိုင်မည့် နည်းနာများကို ရှာဖွေသင့်သည်။

၅.၂. စစ်ရေးဆိုင်ရာ အကြံပြုချက်များ

——————————————-

(၁)      နှစ်ဘက်ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ – ပြည်သူလူထုမှ ယုံကြည်ကိုးစား လောက် သော၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာသော လက်နက်ကိုင်တပ်ဖွဲ့တိုင်းသည် အရပ် ဘက်ပစ်မှတ်များအား တိုက်ခိုက်ခြင်း၊ အရပ်ဘက်ပစ်မှတ်များအား ထိခိုက်မည်ကို ထည့်သွင်း စဉ်းမှုမရှိဘဲ တိုက်ပွဲဖော်ဆောင်ခြင်း၊ ရပ်ရွာလူထုကြားတွင် တပ်ချထားခြင်း၊ လူသားဒိုင်းကာ အဖြစ် အသုံးချခြင်းအစရှိသည့် ကိစ္စများကို ရှောင်ကြဉ်သင့်သည်။

(၂)      စစ်ဘက်ဆိုင်ရာ နည်းပညာ – လူနေထူထပ်သည့် နေရာများ၊ အရပ်သားများ ပုံမှန်သွားလာ ရာ လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ မိုင်းများအသုံးပြုရာတွင် နည်းပညာအားနည်း ခြင်းနှင့် စည်းစနစ်တကျ မဟုတ်ဘဲ စွန့်လွှတ်မိုင်းထောင်ခြင်းတို့ကြောင့် အရပ်သားများ အား ထိခိုက် ဒဏ်ရာရခြင်း မဖြစ်စေရန် အထူးဂရုပြုသင့်သည်။

(၃)      အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ – နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ပျက်ကွက်ခြင်းကြောင့် ပြည်တွင်းစစ် သံသရာ၌ နစ်မြုပ်နေချိန်တွင် ပြည်ပမှ အကြမ်းဖက်အဖွဲ့အစည်းများ၏ အမြတ်ထုတ် ခြေကုတ် ယူမည့် အရေးကို သတိချပ်သင့်သည်။

၅.၃.    လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်များ

——————————————

(၁)      မတရားဖမ်းဆီးချုပ်နှောင်ခြင်း – နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် တစုံ တယောက်အား ဖမ်းဆီးထိန်းသိမ်းခြင်းကို ခိုင်လုံသည့် အကြောင်းပြချက်ရှိမှသာ ပြုလုပ် သင့်ပြီး အဘယ်ကြောင့် ထိုသို့ ပြုလုပ်ရသည်ကို အများပြည်သူသိရှိအောင် တရားဝင် ထုတ်ပြန်ပေးသင့်သည်။ ဖမ်းဆီးထိန်းသိမ်းထားစဉ် ကာလအတွင်း၌လည်း လူ့ဂုဏ်သိက္ခာ နှင့်အညီ၊ ပြည်သူလူထု လက်ခံနိုင်လောက်သော ကြိုတင်ချမှတ်ထားသည့် သုံ့ပန်း (သို့) အကျဉ်းသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ပြုမူဆက်ဆံသင့်သည်။

(၂)      ULA/AA အနေဖြင့် ရည်မှန်းချက်တူ တခြား ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများနှင့် မတူကွဲပြား မှုများရှိလျှင် မိတ်ဘက်ပဋိပက္ခကို ရန်ဘက်ပဋိပက္ခအသွင်ဖြင့် မဖြေရှင်းဘဲ ညှိနှိုင်း ဆွေးနွေး အဖြေရှာတတ်သည့် အမျိုးသားနိုင်ငံရေးယဉ်ကျေးမှုကို ကျင့်သုံးသင့်သည်။ တိုးတက်သော လူ့အဖွဲ့အစည်းတိုင်းသည် မတူကွဲပြားသည့် အမြင်သဘောထားများကို ညှိနှိုင်းဆွေးနွေး၍ အဖြေရှာတတ်သည့် အလေ့အကျင့်ရှိသော လူ့အဖွဲ့အစည်းများသာဖြစ် သည်ကို သတိမူသင့်သည်။

(၃)      အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့်လည်း အမှန်တရားနှင့် လူ့အခွင့်အရေးအတွက် မိမိနှင့်နီးစပ်ရာ ပုဂ္ဂိုလ်တဦးတယောက် (သို့) တစုတဖွဲ့ ဖမ်းဆီးခံရမှသာ လွှတ်ပေးရန် တောင်းဆိုခြင်းမဟုတ်ဘဲ ရခိုင်လူ့အဖွဲ့အစည်းအတွင်းရှိ ပြည်သူလူထုအားလုံး လူ့အခွင့် အရေးနှင့်အညီ၊ လူ့ဂုဏ်သိက္ခာနှင့်အညီ၊ တရားဥပဒေနှင့်အညီ ရှင်သန်နေထိုင်ခွင့်အတွက် တောင်းဆိုသင့်သည်။

(၄)      ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း – ပြည်သူ့အစိုးရဟု ခံယူထားသော အာဏာရ အဖွဲ့အစည်း၊ ပြည်သူ့အစိုးရဟု ခံယူနိုင်ရန် ကြိုးပမ်းနေသည့် တော်လှန်ရေး အဖွဲ့အစည်း (၂) ခုစလုံးသည် မိမိတို့၏ ရည်မှန်းချက်အတွက် လူထုအား မလွှဲမရှောင်သာ ထိခိုက်ရပါသည်ဟု လွယ်လင့်တကူ ဖြေရှင်းချက် မပေးဘဲ ပြည်သူတရပ်လုံး၏ လူသား လုံခြုံရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသသင့်သည်။

(၅)     နှစ်ဘက်တပ်များနှင့် တိုက်ပွဲကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း  – အရပ်သားများအား မိမိတို့ထင်မြင်ယူဆသလို စွပ်စွဲ၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်း၊ မိမိတပ်ဖွဲ့ဝင်များ၏ မတော်မတရားသည့်လုပ်ရပ်ကို တာဝန်ယူ၊ တာဝန်ခံရန် ငြင်းဆန် ခြင်းတို့မှာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းအတွက်မဆို ကျင့်ဝတ်သိက္ခာမဲ့ရာရောက် ပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်အတွက် လက်နက်ကိုင် ရပါသည်ဆိုသော တပ်မတော်တရပ်၏ အခြေခံအကျဆုံး ရည်ရွယ်ချက်များနှင့် ဆန့်ကျင် နေသည်ကို သတိထားသင့်သည်။

(၆)     ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း – မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ဆန့်ကျင်ဖက် အဖွဲ့အစည်း လှုပ်ရှားရာနယ်မြေတွင်ရှိသော ပြည်သူ တိုင်းအား ရန်သူသဖွယ် သဘောထား၍ ၎င်းတို့၏ ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာများအား လုယက်ခြင်း၊ ဖျက်ဆီးခြင်း မပြုဘဲ “ပြည်သူအပေါ်တွင် ရေလို၊ လလို ကျင့်ပါ” ဟူသော ကျင့်ဝတ် (၆၀) ပါ အဆုံးအမနှင့်အညီ ကျင့်ကြံ နေထိုင်သင့်သည်။

(၇)     လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း – ရခိုင်ပြည် မြောက်ပိုင်းရှိ မြို့နယ် (၇) ခုနှင့် ပလက်ဝတွင် ကာလရှည်ကြာစွာ အင်တာနက် ပိတ်ဆို့ ထားခြင်းကြောင့် မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ရခိုင်ပြည်တွင်းမှ သတင်း အမှန်ကို လူသိမခံဝံ့သည့် သဘောသက်ရောက်နေသည်ကို ကာယကံရှင်များအနေဖြင့် ပြန်လည်သုံးသပ်သင့်သည်။

(၈)     လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း – မြန်မာ့တပ်မတော်မှ ဆန့်ကျင်ဘက် အဖွဲ့အစည်းအား နယ်မြေပိတ်ဆို့ရှင်းလင်းရာတွင် အရပ်သားများ၏စား၊ ဝတ်၊ နေရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အကြပ်အတည်းများကို ထည့်သွင်းစဉ်းစားခြင်း မရှိသည်မှာ ကြွက်မနိုင်၊ ကျီမီးရှို့သည့် လုပ်ရပ်မျိုးဖြစ်နေသဖြင့် ၎င်းတို့အား လူထု ထောက်ခံ မှုသာ ပိုမိုကျဆင်းလာဖွယ်ရှိသည်ကို သတိပြုသင့်သည်။

၅.၄.    စစ်ဘေးရှောင်ဆိုင်ရာ အကြံပြုချက်များ

————————————–

(၁)      NLD အစိုးရအနေဖြင့် စစ်ဘေးရှောင်စခန်းသစ်များ ဖွင့်လှစ်ခွင့်၊ စစ်ဘေးရှောင် စခန်းများ တွင် လိုအပ်သော အဆောက်အုံများ ဆောက်လုပ်ခွင့်ကို ကန့်သတ်ထားပြီး စစ်ဘေးရှောင် များ စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပညာရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စများအတွက် ထိထိရောက်ရောက် တာဝန်ယူမှုမရှိသည့်အပြင် နိုင်ငံတကာ အထောက် အပံ့များအားလည်း ကန့်သတ်ထားသည်မှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော် ဆောင်လိုသည်ဆိုသော အစိုးရတရပ်အနေဖြင့် လူသားချင်း စာနာထောက်ထားမှု မရှိရာ ရောက်သဖြင့် ပြည်သူလူထုအပေါ်တွင် ထိရောက်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုအား ပြသသင့်သည်။

၅.၅.    အထွေထွေ လူမှု-စီးပွါးရေးဆိုင်ရာ အကြံပြုချက်များ

———————————————-

(၁)      စား၊ ဝတ်၊ နေရေး – ရခိုင်ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းမှ ကမန် ဒုက္ခသည်များအား ၎င်းတို့ အတွက် အဆင်မပြေသည့် နေရာတွင် ပြန်လည်နေရာချထားပေးမည့်ကိစ္စကို ဝိုင်းဝန်းကန့် ကွက်၍ မူလနေရာတွင် ပြန်လည်အခြေချခွင့်ရရေးအတွက် ပူးပေါင်းကြိုးပမ်းပေးသင့် သည်။

(၂)      COVID-19 နှင့် တိုက်ပွဲများကြောင့် ပြည်သူလူထု စီးပွါးရေးကျဆင်းကာ စား၊ ဝတ်၊ နေရေး ကြပ်တည်းလာသဖြင့် ခိုးဆိုးလုယက်မှုများ ပေါ်ပေါက်မလာစေရန် ကြိုတင်ကာကွယ်နိုင် မည့် နည်းလမ်းများကို လူထုခေါင်းဆောင်များအနေဖြင့် ကြိုတင်စဉ်းစားထားသင့်သည်။

(၃)      ကျန်းမာရေး – ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသည့် ဒုက္ခသည်များတွင် ကိုရိုနာဗိုင်းရပ်စ် ပါဝင်လာနိုင်ခြေများသဖြင့် ၎င်းတို့သည် လူဝင်/လူထွက် ပြဿနာလောက်သာ မဟုတ်ဘဲ အမျိုးသားလုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကူးစက်ရောဂါ ပြဿနာကိုပါပေါ်ပေါက် နိုင်စေသည်ကို ရခိုင်တမျိုးသားလုံး သတိထား၍ ထိရောက်စွာ ကြိုတင်ကာကွယ်ရန် အစီအစဉ်များ ချမှတ်ထားသင့်သည်။

(၄)      လုံခြုံရေး – ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးအတွက် လူနေရပ်ကွက်၊ ကျေးရွာနှင့် မြို့များအနီးတဝိုက်နှင့် ပြည်သူလူထု သွားလာလှုပ်ရှားရာ၊ လုပ်ကိုင် စားသောက်ရာ နေရာများတွင် မိုင်းထောင်ခြင်း၊ တိုက်ခိုက်ခြင်း မပြုလုပ်ရန်၊ အရပ်သားများအား အကျိုးအကြောင်းမဲ့၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုလုပ်ရန် မြို့နယ်အလိုက် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေး ခေါင်းဆောင်များ၊ မြို့မိ/မြို့ဖများ၊ လွှတ်တော်အမတ်များ စုပေါင်း၍ နှစ်ဖက်လက်နက် ကိုင်အဖွဲ့များအား ညှိနှိုင်းတောင်းဆိုရန် ကိုယ်စားလှယ်အဖွဲ့များ ဖွဲစည်းထားသင့်သည်။ ဖြစ်သည်။ ရာဇဝတ်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် နှိမ်နှင်းရေးအတွက် ပြည်သူလူထု အနေဖြင့် ကိုယ်ထူကိုယ်ထ အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိသင့်သည်။

(၅)      ပညာရေး – တိုက်ပွဲများကြောင့် ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်များတွင် ကျောင်းများ နှစ်လုံးပေါက် ပိတ်ထားရမည့် အခြေအနေတွင် NLD အစိုးရအနေဖြင့် Covid-19 ကာကွယ်ရေးအတွက် စာသင်ကျောင်းများ၌ တဦးနှင့်တဦး (၆) ပေအကွာနေ၍ သင်ကြားရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊  ထုတ်ပြန်ချက်၊ သင်ရိုးသစ်များကို DBE Box (Department of Basic Education Box) များဖြင့် လေ့လာနိုင်ရန် စီစဉ်နေခြင်းထက် ပို၍ လက်တွေ့ကျသော သင်ကြားရေး အစီအစဉ်များကို ချမှတ်အကောင်အထည် ဖော်သင့် သည်။

(၆)     မူးယစ်ဆေးဝါး – နယ်စပ်ဖြတ်ကျော် ရောင်းဝယ်နေကြသည့် မူးယစ်ဆေးဝါးများသည် ပြည်ပဈေးကွက်သို့ ပို့ဆောင်ရန် အဆင်မပြေသည့်အချိန်တွင် ပြည်တွင်းဈေးကွက်ထဲ၌ စီးဆင်းယိုဖိတ်၍ လူငယ်အများအပြား မူးယစ်ဆေးဝါးသာကောင်းဖြစ်ကာ လူညွှန့်တုံး နိုင်ခြေရှိသဖြင့် အမျိုးသားရေးဆိုင်ရာ စိန်ခေါ်မှုတရပ်အဖြစ် သဘောထား၍ ဖြေရှင်းသင့် သည်။

(၇)     စီးပွါးရေး – မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် ရခိုင်ပြည်တွင်း စီးပွါးရေးကျဆင်းခြင်း သည် မြန်မာတနိုင်ငံအနေဖြင့် တစိတ်တပိုင်း စီးပွါးရေးကျဆင်းခြင်းဖြစ်သည်ကို သတိ မူကာ ဆန့်ကျင်ဘက် အဖွဲ့အစည်းနှင့် ရင်ဆိုင်ရာတွင် ပြည်သူလူထု၏ လုပ်ငန်းခွင်အား မထိခိုက်စေရန်နှင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများ မပျက်ပြားစေရန် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်သည်။

(၈)     ယဉ်ကျေးမှု – သာသနိက အဆောက်အအုံမျာတွင် လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲထား ခြင်းမပြုရန် ရပ်ရွာကိုယ်စားလှယ်များ စုပေါင်း၍ တောင်းဆိုသင့်သည်။


AASYC