အစီရင်ခံစာရယူရန် နှိပ်ပါကမ္ဘာတစ်ဝန်းတွင် အကျဉ်းချခံထားရမှုနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လျှက်ရှိပြီး ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အကျဉ်းချခံထားရသော အမျိုးသမီးဦးရေသည် ၅၀% အထိ မြင့်တက်ခဲ့သည်။

ထိုကဲ့သို့ မြင့်တက်လာခြင်းသည် တရားစွဲဆိုခြင်း မပြုမီ ထိန်းသိမ်းထားခြင်းကို အားပေးခြင်းနှင့် ရာဇဝတ်မှုဆိုင်ရာ တရား စီရင်ရေး စနစ်တွင် အကျဉ်းချထားခြင်းကို အဓိက လက်ကိုင်ထားခြင်းစသည့် မူဝါဒဆိုင်ရာ ပြောင်းလဲမှုများ ကြောင့်ဖြစ်သည်။
အရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် အကျဉ်းချခံထားရသော အမျိုးသမီး အရေအတွက်သည် တကမ္ဘာလုံးတွင် အကျဉ်းချခံထားရသော ပျှမ်းမျှ အမျိုးသမီးအရေအတွက်ထက် မြင့်မား လျှက်ရှိ သည်။ သို့သော်လည်း အကျဉ်းချခံထားရသော အမျိုးသမီးများကို ပြုမှုဆက်ဆံမှုသည် နိုင်ငံတကာ စံချိန်၊စံညွှန်း များအောက် ကျဆင်းဆဲဖြစ်ပြီး တရားစီရင်ရေးဆိုင်ရာ စနစ်၏ ဖွဲ့စည်းမှုကြောင့် အမျိုးသမီး အကျဉ်းသူများသည် အမျိုးသား အကျဉ်းသားများထက် တရားရင်ဆိုင်ရာတွင်လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံရရာတွင် လည်းကောင်း၊ အကျဉ်းကျနေချိန်ကာလများတွင်လည်းကောင်း ခွဲခြားဆက်ဆံခြင်းခံနေရဆဲဖြစ်သည်။ ထိုကဲ့သို့ ခွဲခြားဆက်ဆံ ခံရခြင်းသည် အကျဉ်းချခံထားရစဉ်အတွင်း အမျိုးသမီးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံမှု မရှိခြင်း တို့ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ၎င်းတို့ လွတ်မြောက်ပြီးနောက် ခွဲခြားဆက်ဆံခံရခြင်းသည် အသက် မွေးဝမ်းကြောင်းဆိုင်ရာ မျှော်လင့်ချက်များကိုလည်း ပို၍ နည်းပါးစေသည်။မျက်မှောက်ကာလတွင် ထိန်းသိမ်းခံထားရသူများ သို့မဟုတ် အကျဉ်းချခံထားရသူများကို ပြုမှု ဆက်ဆံမှုအတွက် အနည်းငယ်သော နိုင်ငံတကာ သဘောတူစာချုပ်များကို ပြဋ္ဌာန်းထားသည်။ ထို့ပြင် တချို့သော သဘောတူ စာချုပ်များသည် အမျိုးသမီးများအတွက် ပြဋ္ဌာန်းထားသည်။ နိုင်ငံတကာအဆင့်တွင် အဓိက သဘောတူစာချုပ် သုံးခုရှိပြီး ၎င်းတို့မှာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR)၊ ကမ္ဘာ့ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်သော သဘောတူစာချုပ် (UNCAT)၊ အမျိုးသမီးများကို ဆန့်ကျင်သော အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများကို ဖယ်ရှားခြင်း သဘောတူစာချုပ် (CEDAW) တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် ICCPR ကို လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် UNCAT ကိုလည်း လက်မှတ်ရေးထိုးထားခြင်း မရှိခြင်းသည် အကျဉ်းသားများအားလုံးကို ထိခိုက်မှု ဖြစ်စေပြီး အမျိုးသမီး အကျဉ်းသူများအတွက် ပို၍ ကြီးမားသော သက်ရောက်မှုကို ဖြစ်စေပါသည်။ အကျဉ်းသားများကို ပြုမှုဆက်ဆံမှုအတွက် အခြေခံ ဥပဒေသများနှင့် ကမ္ဘာ့ ကုလသမဂ္ဂမှ ချမှတ်ထားသည့် အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံးစံချိန်စံညွှန်းများ (SMRs) တို့တွင် အကျဉ်းသားများအတွက် သီးခြား စည်းမျဉ်းများကို ပြဋ္ဌာန်းထားပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အမျိုးသမီး အကျဉ်းသူများကို ပြုမှု ဆက်ဆံမှုအတွက် စည်းမျဉ်းများနှင့် အမျိုးသမီး ပြစ်မှုကျူးလွန်သူများကို ထိန်းသိမ်း ထားခြင်း မပြုသော နည်းလမ်းများ (ဘန်ကောက် စည်းမျဉ်း) တွင် အမျိုးသမီး အကျဉ်းသူများ၏ သီးသန့် လိုအပ်မှုများကို ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ဥပဒေရေးဆွဲသူများသည် ဥပဒေကြမ်းများမှ တစ်ဆင့် နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့်အညီ အမျိုးသမီးများကို ပြုမှုဆက်ဆံမှုနှင့် အကျဉ်းသားများကို ကာကွယ်မှုပေးရန် ကြိုးပမ်းလျှက် ရှိသော်လည်း ထိုဥပဒေကြမ်းများသည် အမျိုးသမီး အကျဉ်းသူများအား လုံလောက်သော ကာကွယ်မှုကို ပေးနိုင်ခြင်း မရှိပါ။အစိုးရမှ အသိအမှတ်ပြုခြင်းမခံရသည့် အကျဉ်းချခံထားရသော အမျိုးသမီးများ၏ ပို၍သေးငယ်သော အခန်းကဏ္ဍ သည် အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများဖြစ်သည်။ အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများ၏ ဖြစ်စဉ်များသည် အမျိုးသမီး ရာဇဝတ်အကျဉ်းသူများ၏ ဖြစ်စဉ်များနှင့် ခြားနားလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည် ပြစ်ဒဏ်ကျခံနေရချိန်အတွင်းတွင်လည်းကောင်း၊ လွတ်မြောက်ပြီးနောက် လူမှု အသိုင်း အဝိုင်းနှင့် ပြန်လည် ပေါင်းစပ်ရာတွင်လည်းကောင်း ၎င်းတို့၏ ဆုံးဖြတ်မှုများအတိုင်း၊ ရွေးချယ်မှုများအတိုင်း ပြုမှု ဆောင်ရွက်လေ့ရှိသည်။ ဤအစီရင်ခံစာတွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူဟောင်း ကိုးဦး၏ အတွေ့အကြုံများကို ဖော်ပြပေးထားပြီး အကျဉ်းချခံထားရစဉ်အတွင်းနှင့် လွတ်မြောက်ပြီးနောက် နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်ရန်အတွက် ၎င်းတို့ မည်ကဲ့သို့ ကြိုးပမ်း အားထုတ် ခဲ့ရပုံကို ဖော်ပြထားသည်။အကျဉ်းချခံထားရစဉ်နှင့် လွတ်မြောက်ပြီးနောက် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများသည် စံနစ်တစ်ခုကို နှုတ်ဆိတ်နေကြသည့် သားကောင်များ မဟုတ်ကြချေ။ အကျဉ်းချခံထားရစဉ် အတွင်း ၎င်းတို့သည် နိုင်ငံရေးအကျဉ်းသားများကိုယ်စား ဆက်လက်၍ တောင်းဆိုမှုများ၊ စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့်အပြင် ရာဇဝတ် အကျဉ်းသားများ၏ အခွင့်အရေးများ အတွက်လည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြ သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခြင်းနှင့် တိုးတက်သော အကျဉ်းထောင် အခြေအနေများမှတစ်ဆင့် အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများနှင့် ရာဇဝတ် အကျဉ်းသူများသည် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည် ၎င်းတို့ အကျဉ်းကျ ခံနေရချိန်နှင့် လွတ်မြောက်ပြီးနောက် ၎င်းတို့၏ ဘဝများကို တည်ဆောက်နေချိန်တွင် ၎င်းတို့၏ ရွေးချယ်မှုနှင့် လွတ်လပ်မှုတို့ကို အသုံးချနိုင်သော်လည်း အစိုးရမှ အကျဉ်းထောင်ဆိုင်ရာ ဖွဲ့စည်းပုံများမှ တစ်ဆင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ရန် တာဝန်ရှိပြီး ၎င်းတို့ လွတ်မြောက်ပြီးနောက် ၎င်းတို့၏ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ ရရှိရန်အတွက်လည်း တာဝန်ရှိသည်။